Top News

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်မှုကိုအလေးထားရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း
24htopnews | October 11, 2024 5:12 AM CST

ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေး နိုင်ငံရေးပါတီများအနေဖြင့် အလေးထားဆောင်ရွက်စေလိုသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက တိုက်တွန်းသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်၌ အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေး အလေးထားစေလိုသည်ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာ ၂၆ ရက်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအတွက် ကျား/မ ရေးရာ တန်းတူညီမျှမှုလမ်းညွှန်၊ ကြီးပွားတိုးတက်ရေးအတွက် အမြန်ဆုံးနည်းလမ်းစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်သည်ဆိုသည့် အခြေခံမူကို အလေးထားကြပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခြင်းနှင့် ဆန္ဒမဲပေးခြင်းတို့သည်  ကျား/မ တန်းတူညီမျှ ပါဝင်ခွင့်ရှိသည့် လူ့အခွင့်အရေးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၀၆၉ ဦးရှိသည့်အနက် အမျိုးသမီး ၁၂၇ ဦးပါဝင်ခဲ့ပြီး လွှတ်တော်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း ရွေးချယ်ခံခဲ့ရကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၀၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ပါဝင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ပါ အချက်အလက်များကို လိုက်နာအကောင်အထည်ဖော်ရန် ၁၉၉၇ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားရာ ကော်မရှင်အနေဖြင့် CEDAW တွင် ပါဝင်သည့် လုပ်ငန်းစဉ်များ၊ ရွေးကောက်တင်မြှောက်ခြင်းနှင့် ရွေးကောက်ခံ ပိုင်ခွင့်ကဏ္ဍများတွင် ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည် ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။

ပြည်သူလူထု၏ နိုင်ငံရေး စိတ်ဝင်စားမှုဆိုင်ရာ စစ်တမ်းတစ်ရပ်ကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ယခုနှစ် မတ်လဆန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရှိ ပြည်သူ ၂၉၀၀ ကျော်ကို မေးမြန်းကောက်ယူခဲ့ရာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်များကို မဲပေးရွေးချယ်မည်ဆိုသည့် နိုင်ငံသား ရာခိုင်နှုန်း ၇၀ ရှိကြောင်း ထုတ်ပြန်သည်။ ထောက်ခံသည့် နိုင်ငံရေးပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်း တင်သွင်းလျှင် ၃၇ ရာခိုင်နှုန်းကျော်က ကျိန်းသေမဲပေးမည်ဟုဆိုပြီး ၃၄ ရာခိုင်နှုန်း မဲပေးရန် စိတ်ဝင်စားသည်ဟု စစ်တမ်းတွင် ဖော်ပြသည်။

“ အဲဒါတွေဟာ နိုင်ငံရေးပါတီတွေ ပြောနေတဲ့ အမျိုးသမီးပါဝင်မှု မြင့်မားလာဖို့၊ လူငယ်ပါဝင်မှု မြင့်မားလာဖို့အတွက် အကောင်းဆုံးသက်သေပဲ” ဟု PACE အဖွဲ့အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

လက်ရှိ လွှတ်တော်သက်တမ်းအတွင်း အမျိုးသမီးကိုယ်စားလှယ်သည် ယခင်လွှတ်တော်သက်တမ်းထက် များပြားလာသော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းပါးသေးသလို အစိုးရအဖွဲ့တွင်လည်း အမျိုးသမီးပါဝင်မှု အလွန်နည်းပါးသေးကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

“ အမျိုးသမီးမှာရှိတဲ့ ကောင်းတဲ့လက္ခဏာတွေက ပါတီတွေက အသုံးပြုဖို့လိုပါမယ်။ ဒီလိုပဲ အမျိုးသမီးတွေ ကိုယ်ကလည်း အမျိုးသားကဲ့သို့ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ ပါ၀ါပြဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

         

 


READ NEXT
Cancel OK