Top News

ဒီမိုကရေစီတွင် ယှဉ်ပြိုင်ဘက်အတိုက်အခံ ပါတီများရှိမည်ဖြစ်ပြီး ပါတီနိုင်ငံရေးပါသော အုပ်ချုပ်ရေးဆောင်ရွက်ပါက အုပ်ချုပ်ရေးကို အတိုက်အခံလုပ်မည်ဖြစ်ကာ အာဏာရပါတီသည်လည်း အာဏာတည်မြဲရေး ကြိုးစားမည်ဖြစ်၍ မည်သို့မျှ သဟဇာတ မဖြစ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
24htopnews | October 11, 2024 5:12 AM CST

ဒီမိုကရေစီတွင် ယှဉ်ပြိုင်ဘက်အတိုက်အခံပါတီများ ရှိမည်ဖြစ်ပြီး ပါတီနိုင်ငံရေးပါသော အုပ်ချုပ်ရေးဆောင်ရွက်ပါက အုပ်ချုပ်ရေးကို အတိုက်အခံလုပ်မည်ဖြစ်ကာ အာဏာရပါတီသည်လည်း အာဏာတည်မြဲရေးကို ကြိုးစားမည်ဖြစ်၍ မည်သို့မျှသဟဇာတ မဖြစ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သင်တန်းခန်းမ၌ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အုပ်ချုပ်ရေးအမြင်နှင့်ပတ်သက်၍ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် သွားနေသည့်အတွက် တည်ငြိမ်အေးချမ်းပြီး ညီညွတ်မျှတသည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန်၊ ဥပဒေ၊ စည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲစနစ်ဖြင့် လူအများဆန္ဒအပေါ် ဆောင်ရွက်ကြရသဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ရန်လိုပြီး ဆင်ခြင်တုံတရားဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးဆိုသည်မှာ အများက ရွေးချယ်သည့် အစိုးရ၊ အုပ်ချုပ်သူအဖွဲ့အစည်းက တရားမျှတသည့် စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရန် အရေးကြီးကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ ဒီမိုကရေစီ ခိုင်မာအားကောင်းရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရန်၊ အုပ်ချုပ်သူများ ကောင်းရန်လိုကြောင်း၊ ပါတီနိုင်ငံရေးများပါသော အုပ်ချုပ်မှုစနစ်မျိုးဖြစ်နေပါက အဆင်မပြေကြောင်း၊ ဒီမိုကရေစီတွင် ယှဉ်ပြိုင်ဘက် အတိုက်အခံပါတီများ ရှိမည်ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေးပါသော အုပ်ချုပ်ရေးဆောင်ရွက်ပါက အုပ်ချုပ်ရေးကို အတိုက်အခံလုပ်မည်ဖြစ်ကြောင်း၊ အာဏာရပါတီကလည်း အာဏာရရှိရေး၊ အာဏာတည်မြဲရေးကို ကြိုးစားမည်သာဖြစ်၍ မည်သို့မျှ သဟဇာတမဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တည်ငြိမ်အေးချမ်းရန်၊ ညီညွတ်မျှတသည့် အုပ်ချုပ်ရေးဖြစ်ရန်လိုကြောင်း” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးများ တိုးတက်ကောင်းမွန်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန် လိုအပ်သဖြင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁၊ ၂၊ ၃၊ ၅) တို့တွင် လုပ်ပိုင်ခွင့်များ ပြဋ္ဌာန်းပြီးဖြစ်၍ အကျိုးရှိရှိအသုံးချရန်နှင့် အားနည်းချက်၊ လိုအပ်ချက်များရှိပါက ဥပဒေနှင့်အညီ ပြင်ဆင်ဖြည့်စွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့သည် ပိုင်းခြားကျင့်သုံးမှု၊ အပြန်အလှန် ထိန်းကျောင်းမှုတို့ ရှိရန်လိုအပ်ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်း ပြောကြားသည်။

နိုင်ငံရေးအမြင်နှင့်ပတ်သက်၍ အောင်မြင်လျက်ရှိသော အခြားနိုင်ငံများက ကျင့်သုံးသည့် နည်းလမ်းများကို အတုယူရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ သေချာစွာစဉ်းစား ဆောင်ရွက်ရမည််ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်ပေါင်းစုံထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် မောင်းနှင်အားသုံးခုဖြင့် ရပ်တည်ရခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ အားကောင်းပြီး စီးပွားရေးနှင့် ကာကွယ်ရေးပိုင်းတွင် အားနည်းနေ၍ မရကြောင်း၊ အချို့နိုင်ငံများတွင် ကာကွယ်ရေး အင်အားကောင်းပြီး နိုင်ငံရေးအင်အား မကောင်းသဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အားနည်းပြီး စီးပွားရေးမကောင်းသည်ကို တွေ့မြင်ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းဆိုင်ရာ အတွေ့အကြုံများအရ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် အချက်သုံးချက်၊ တို့တာဝန်အရေး သုံးပါးကို ဖော်ထုတ်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အသက်သွေးချွေးများစွာပေးဆပ်ခဲ့ပြီး ဆုံးရှုံးခဲ့သည့်လွတ်လပ်ရေးကို ပြန်လည်ရယူထားရခြင်းဖြစ်သည့်အတွက် အတိတ်ကို သင်ခန်းစာရယူပြီး တို့တာဝန်အရေးသုံးပါးကို တပ်မတော်အပါအဝင် နိုင်ငံသားအားလုံးက ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၊ သမိုင်းကြောင်း အခြေအနေတို့အရ  လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒများ ကျင့်သုံးနေကြောင်း၊ နိုင်ငံတကာဆက်ဆံရေး၌ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူဟူ၍မရှိဘဲ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အကောင်းဆုံးဆက်ဆံရေးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံကို ရွေးချယ်ပိုင်ခွင့်မရှိသည်ကို နားလည်ရမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် စိတ်တူ သဘောတူဖြစ်သည့်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ခိုင်မာစွာရပ်တည်ဆောင်ရွက်၍ မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားသည်။


READ NEXT
Cancel OK