Top News

အရပ်သား အစိုးရဟု ဆိုသော်လည်း ယန္တရားကို လည်ပတ်နေသူများမှာ လူဟောင်းများဖြစ်သဖြင့် ဖိနှိပ်ချုပ်ချယ်မှုနှင့် ကန့်သတ်ခြင်းများရှိနေ
24htopnews | October 11, 2024 5:12 AM CST

အရပ်သား အစိုးရဟု ဆိုသော်လည်း ယန္တရားကို လည်ပတ်နေသူများမှာ လူဟောင်းများဖြစ်သဖြင့် ဖိနှိပ်ချုပ်ချယ်မှုနှင့် ကန့်သတ်ခြင်းများ ရှိနေကြောင်း ဒီမိုကရေစီ ပညာရေးသပိတ် ငါးနှစ်ပြည့် အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲတွင် အခမ်းအနား ကျင်းပရေးကော်မတီမှ ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

ဒီမိုကရေစီ ပညာရေးသပိတ် ငါးနှစ်ပြည့် အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပညာရေး သပိတ်ကာလ အတွင်းက ပါဝင်ခဲ့ကြသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း ဒီမိုကရေစီ ယန္တရားကို မပြောင်းလဲနိုင်သေးကြောင်း၊ အရပ်သား တင်မြှောက်သည့် အစိုးရ ဆိုသော်လည်း ယန္တရားကို အမှန်တကယ် လည်ပတ်နေသူများသည် လူဟောင်းများသာ ဖြစ်သည့်အတွက် စနစ်က မပျက်သေးကြောင်း၊ ထို့ကြောင့် ဖိနှိပ်ချုပ်ခြယ်ခြင်းနှင့် ကန့်သတ်ခြင်းများသည် ဆက်လက်ရှိနေကြောင်း ကိုအောင်မှိုင်းဆန်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ခုလက်ရှိ အခြေအနေမှာ ပညာရေးစနစ်က သူတို့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ပြောတယ်။ လုပ်လည်း လုပ်နေတာတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အစမ်းသပ်ခံ၊ အပေါ်ယံပုံစံမျိုး ပြောင်းလဲနေတာထက်စာရင် ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေဟာ ပိုပြီးတော့ ပညာရေးစနစ်မှာ အဓိက ကျတယ်လို့ နားလည်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံကို သွားနေသည့်အတွက် ၎င်းအခင်းအကျင်းနှင့် ပတ်သက်သော ပညာရေးစနစ်တစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

“ကျွန်တော်တို့ ဒီလာမယ့် ၂၀၂၀ မှာဆိုရင် ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းဟာ ငါးနှစ်ပြည့်ပြီပေါ့နော်။ လှုပ်ရှားမှုနဲ့ ပတ်သက်တာ ငါးနှစ်ပြည့်တဲ့အတွက် ဒီအထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ စစ်ကြောင်း ဖြတ်ခဲ့တဲ့ မြို့တွေ တော်တော်များများမှာ ဒီလို တွေ့ဆုံပွဲလေးတွေလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ရန်ကုန်မှာ ခုလုပ်ဖြစ်တာပါ။ လုပ်ရတဲ့ ရည်ရွယ်ချက်သည် ဒီမိုကရေစီ ပညာရေး သပိတ်အတွင်းက တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်တွေကိုရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ သွားရင်ကောင်းမလဲဆိုတဲ့ တိုင်ပင်ညှိနှိုင်း မှုတွေလည်းပါမယ်။ အခြားရည်ရွယ်ချက်တွေကတော့ သိပ်အများကြီး မရှိပါဘူး။ ကျွန်တော်တို့က ဒီမိုကရေစီ ပညာရေးသပိတ်ရဲ့ နှစ်ပတ်လည်ဖြစ်တဲ့အတွက် ဒီမိုကရေစီပညာရေးနဲ့ ပတ်သက်တဲ့ဟာကိုပဲ အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အခမ်းအနား ကျင်းပရေးကော်မတီမှ ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

ဒီမိုကရေစီ ပညာရေးသပိတ်တွင် အဓိက တောင်းဆိုချက် ၁၁ ချက်ရှိကြောင်း၊ ယင်းအချက်များထဲတွင် အစိုးရနှင့် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် အစိုးရဘက်မှ ကတိကဝတ် ပျက်ခဲ့ကြောင်း၊ လွှတ်တော်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ပြင်ဆင်ချက်မူကြမ်း တင်ခဲ့သော်လည်း များစွာဖျက်ချခံရကြောင်း၊ တောင်းဆိုချက်များသည်လည်း အားလုံးမရရှိသေးကြောင်း ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အမျိုးသား ပညာရေး ဥပဒေမူကြမ်း ထွက်ရှိခဲ့ရာ ယင်းဥပဒေတွင် လိုအပ်ချက်များ ရှိသည့်အတွက် တိုင်ပင်ညှိနှိုင်းပြီးမှသာ အမျိုးသား ပညာရေး ဥပဒေကို ပြဋ္ဌာန်းပေးရန် တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ လိုက်လျောခြင်း မရှိသည့်အတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်သည့် ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း စတင်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK