Top News

မြန်မာ-ထိုင်းနှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍဆိုင်ရာ ပူးတွဲလေ့ကျင့်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန် ဆွေးနွေး
24htopnews | October 11, 2024 5:12 AM CST

မြန်မာ-ထိုင်းနှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍဆိုင်ရာ ပူးတွဲလေ့ကျင့်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန် နိုဝင်ဘာ ၂၉ ရက်က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs.Suphatra Srimatreephithak တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ထိုင်းနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိရာ သုံးနှစ်စီမံကိန်းကို ရေးဆွဲချမှတ်လျက်ရှိပြီး ယင်းစီမံကိန်းတွင် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအတွက် Thailand International Cooperation Agency (TICA) အနေဖြင့်လည်း ပံ့ပိုးဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ရခိုင်ပြည်နယ်သို့ ရွေ့လျားဆေးအဖွဲ့များ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သုံးကြိမ်တိုင် ဆေးအဖွဲ့များ စေလွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်သို့ ရွေ့လျားဆေးအဖွဲ့များ  ဆက်လက်စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံမှ ကျန်းမာရေး ကဏ္ဍပညာရှင်များ စေလွှတ်၍ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံမှ ပညာရှင်များကို ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်၍ ပူးတွဲလေ့ကျင့်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် လက်ရှိ၌ နော်ဝေနိုင်ငံ အကူအညီဖြင့် ရခိုင်ပြည်နယ် စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးတွင် သားဖွားမီးယပ်နှင့် ကလေးလူနာဆောင် ဆောက်လုပ်လျက်ရှိပြီး စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးတွင် သားဖွားမီးယပ်နှင့် ကလေးလူနာဆောင် နှစ်ထပ်ဆောင်သစ် ဆောက်လုပ်သွားရန် ပုံစံရေးဆွဲပြီးဖြစ်ကြောင်း၊ အဆိုပါ နှစ်ထပ်ဆောင်  ဆောက်လုပ်ရာတွင် နော်ဝေနိုင်ငံက ပံ့ပိုးပေးလျက်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် အလှူရှင်များ ထပ်မံဖိတ်ခေါ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာဟာရချို့တဲ့မှု နှုန်းများနေသည့် ရခိုင်ပြည်နယ်တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုပုံစံစစ်တမ်း (၂၀၁၇-၂၀၁၈) အရ ရခိုင်ပြည်နယ်သည် အသက်ငါးနှစ်အောက်ကလေးများ၌ ပုညှက်မှုနှုန်း ၃၄ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တတိယ အများဆုံးနှင့် သွေးအားနည်းမှုနှုန်း ၅၂ ရာခိုင်နှုန်းဖြင့် ပထမအများဆုံးဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်များတွင် သွေးအားနည်းမှု ၃၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး၊ အိုင်အိုဒင်းဆား စားသုံးသော အိမ်ထောင်စုသည်  ၁၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အနည်းဆုံး တွေ့ရှိရသောကြောင့် ရခိုင်ပြည်နယ်တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန အားလုံးပူးပေါင်း၍ ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်းက ရခိုင်ပြည်နယ်အတွင်း အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများ၌ ပါဝင်လာမည့် ကလေးနှင့် ကိုယ်ဝန်ဆောင်များအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်မှုလုပ်ငန်းများကို အထူးဦးစားပေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ဆောင်နေပြီး လိုအပ်သော အစားအသောက်များနှင့် ပတ်သက်၍ World Food Program နှင့် ပူးပေါင်း၍ လုပ်ဆောင်နေပြီး ဖြည့်စွက်စာများ၊ ဗီတာမင်များ စသည်တို့ကိုလည်း WFP က ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။                                      

 

 


READ NEXT
Cancel OK