Top News

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အမရပူရခေတ် ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ် ရှေးဟောင်း အဆောက်အအုံကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး လာရောက်လေ့လာ
24htopnews | October 11, 2024 5:12 AM CST

နိုဝင်ဘာ ၂၈ ရက်က သပိတ်ကျင်းမြို့အနီး လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး  ၅ ဒသမ ၄ အဆင့်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အမရပူရမြို့နယ် တောင်သမန်အင်းမြောက်ဘက် လင်းဇင်းကုန်း သုသာန်ဟောင်း အတွင်းရှိ အမရပူရခေတ်လက်ရာ ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ် ရှေးဟောင်း အဆောက်အအုံအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့က နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithank အဖွဲ့သည် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသည့် အမရပူရခေတ်လက်ရာ ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ် ရှေးဟောင်းအမွေအနှစ်များနှင့် ပတ်သက်၍ အမြန်ဆုံး ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နိုင်ရန်အတွက် ကွင်းဆင်းလေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သံအမတ်ကြီးကတော့ နေပြည်တော်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ သံအမတ်ကြီး ဆန္ဒကတော့ ဒီရှေးဟောင်း အဆောက်အအုံတွေကို အမြန်ဆုံးပြုပြင် ထိန်းသိမ်းလိုတဲ့ဆန္ဒ သူ့မှာရှိနေပါတယ်။ နှစ်နိုင်ငံ အစိုးရအချင်းချင်းလည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်အတူ လိုက်ပါလာသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithank ဦးဆောင်သော အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရုံး အမှတ် (၃၅)၊ ဝန်ကြီးရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ လင်းဇင်းကုန်းသုသာန်ဟောင်း အတွင်းရှိ ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ် အရိုးအိုးစေတီနှင့် ရှေးဟောင်းသာသနိကအ ဆောက်အအုံများ တည်ရှိရာသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဖေဖော်ဝါရီက လာရောက်ကြည့်ရှု စစ်ဆေးရာတွင် စီမံကိန်းမှာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း၊ ရှေးဟောင်း အဆောက်အအုံများကို ယခုထက် ပိုမိုမပျက်စီးရန် ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ကြောင်းနှင့် နှစ်နိုင်ငံ အစိုးရအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ပါက ၎င်းအနေဖြင့် ထောက်ခံပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုများ ပြန်လည်စတင်နိုင်ရန် ထိုင်းနိုင်ငံ အစိုးရဘက်မှ မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

“လင်းဇင်းကုန်းမှာရှိတဲ့ ရှေးဟောင်း အ ဆာက်အအုံတွေကို ပြီးခဲ့တဲ့အစိုးရလက်ထက်က နှစ်နိုင်ငံ အစိုးရအချင်းချင်း ချိတ်ဆက်ပြီးတော့ တူးဖော်မှုတွေ လုပ်ခဲ့ပါတယ်။ တူးဖော်မှုတွေ ပြုလုပ်တဲ့အခါမှာ စေတီတော်ရဲ့ အရှေ့မြောက်ဘက်အရပ်မှာ မှန်စီရွှေချ သပိတ်နဲ့ပြုလုပ်ထားတဲ့ အရိုးအိုးတစ်ခုကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ အဲဒါက လွန်ခဲ့တဲ့ ခုနစ်နှစ်ခန့်က ဖြစ်ပါတယ်။ တူးဖော်တွေ့ရှိခဲ့တဲ့ အရိုးအိုးကို လက်ရှိအချိန်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီလို တူးဖော်မှုတွေ လုပ်ဆောင်ပြီးနောက်မှာ ပြုပြင်ထိန်းသိမ်းမှုတွေ အနည်းငယ် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ လက်ရှိ အချိန်မှာတော့ လုပ်ငန်းတွေ ရပ်နားခံထားရတာ လေးနှစ်နီးပါး ကြာမြင့်နေပါပြီ။ ဒါကြောင့် အခုအချိန်မှာ နှစ်နိုင်ငံ အစိုးရအချင်းချင်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့အတွက် လုပ်ဆောင်လျက်ရှိပါတယ်။ ဒီအဆောက်အအုံဟာ လက်ရှိအချိန်မှာ ငလျင်ဒဏ် အပါအဝင် သဘာဝ ဘေးဒဏ်တွေကြောင့် ထိခိုက်ပျက်စီးမှုတွေ အများကြီး ဖြစ်ပေါ်နေတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးကလည်း မြန်မာနိုင်ငံ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေပါတယ်။ အခုသံအမတ်ကြီး လာတာကလည်း ဒီရှေးဟောင်း အဆောက်အအုံတွေကို နှစ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ပြီးတော့ ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့အတွက် လာရောက် ကြည့်ရှုတာပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့အတွက် ဆွေးနွေးနေဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်” ဟု ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ် စေတီနှင့် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ခဲ့သည့် မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ပြောကြားသည်။

အဆိုပါ ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ်စေတီမှာ နိုဝင်ဘာ ၂၈ ရက် ညက လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ် အဆောက်အအုံများအနက် စေတီတော်၏ အရှေ့တောင်ထောင့်တွင် နှစ်လက်မကျော် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ်ဂူနှင့် ရှေးဟောင်း အဆောက်အအုံများ တည်ရှိရာ နေရာသို့ ထိုင်းလူမျိုး ခရီးသွားများ လာရောက် လေ့လာလည်ပတ် လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK