မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗွီရောဂါ လူနာအသစ် ကူးစက်ခံရမှုမှာ ကျဆင်းနေပြီ ဖြစ်သော်လည်း မူးယစ်ဆေး သွေးကြောအတွင်း ထိုးသွင်းသူများအကြား အိပ်ချ်အိုင်ဗွီရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းရေး လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနေကြောင်း ‘ခုခံအားကျဆင်းမှု ရောဂါကူးစက် ဖြစ်ပွားမှုဆိုင်ရာ၊ ရောဂါ ကာကွယ်နှိမ်နှင်းရေး ဆိုင်ရာနှင့် အမျိုးသားအဆင့် ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေး စီမံချက် လုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်မှု တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲ’ တွင် ရရှိသည့် အချက်အလက်အရ သိရသည်။
“မူးယစ်ဆေးဝါးကို သွေးကြောအတွင်း ထိုးသွင်းသူတွေအကြား ခုခံအားကျဆင်းမှုရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းရေး ကိုင်တွယ်ဖြေရှင်းရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ကျန်းမာရေး ဝန်ကြီးဌာန တစ်ခုတည်း လုပ်ဆောင်လို့ မရပါဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ အိပ်ချ်အိုင်ဗွီ လူနာတွေမှာ ခုခံကျရောဂါ ကုသတဲ့ အေအာတီဆေးဝါးကို စွဲစွဲမြဲမြဲ မသောက်တာ၊ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှု ပြုလုပ်တာ၊ ကွန်ဒုံးအသုံးပြုမှု ရာခိုင်နှုန်း ၆၀ ထက် လျော့နည်းနေတာ စတဲ့အချက်တွေကိုလည်း တွေ့ရှိနေရတဲ့အတွက် အဲဒီအချက်တွေကို ဖြစ်ပွားစေတဲ့ ဇာစ်မြစ်အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး ဆောင်ရွက်ဖို့လည်း လိုပါတယ်” ဟု အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗွီရောဂါ လူနာအသစ် ကူးစက်ခံရမှုမှာ ထက်ဝက်ကျော် ကျဆင်းခဲ့ပြီး AIDS Epidemic Model - AEM ဖြင့် ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူဦးရေ ၂၂၇၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ ၀ ဒသမ ၅၇ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန်ကြေညာထားသည့် အချက်အလက်များအရ သိရသည်။
“အိပ်ချ်အိုင်ဗွီက အထူးသဖြင့် မူးယစ်ဆေး အကြောတွင်း ထိုးသွင်းသူတွေ၊ အမျိုးသမီး လိင်လုပ်သားတွေ၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူတွေ၊ အကျဉ်းကျနေသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ဦးတည်အုပ်စုအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုမူနေခြင်းတို့ကြောင့် အဲဒီလူအုပ်စု အတွင်းမှာ ပိုးကူးစက်ခံရမှုနှုန်းက မြင့်မားနေဆဲ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရမှုက ရန်ကုန်၊ ကချင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ စစ်ကိုင်းတို့က တခြားဒေသတွေထက် ရောဂါအသစ် ကူးစက်ခံရမှု ပိုမိုမြင့်မားလျက် ရှိနေပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် လူနာများအတွက် ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ခုနစ်နှစ်တာ ကာလအတွင်း အစိုးရမှ ဘဏ္ဍာငွေ တိုးမြှင့်ထောက်ပံ့ပေးမှုနှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၁ ခုနှစ်တွင် ရောဂါပိုးကူးစက်ခံရသူ နှစ်သိန်းကျော်အနက် လူနာလေးသောင်းခန့်ကိုသာ ဘဝတသက်တာ သောက်ရမည့် အေအာရ်တီဆေးဖြင့် ကုသမှု ပေးနိုင်ခဲ့ရာမှ၂၀၁၇ ခုနှစ်တွင် လူနာပေါင်း တစ်သိန်းလေးသောင်းခြောက်ထောင်ကျော်အထိ ကုသမှု ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၈ ခုနှစ် ဇွန်လမှစ၍ ကမ္ဘာလုံးဆိုင်ရာ အိပ်ချ်အိုင်ဗွီ ပူးပေါင်းကာကွယ်ရေး အဖွဲ့အစည်းတွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ပါဝင်ပြီ ဖြစ်ကြောင်းနှင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါအား အပြီးတိုင် ပပျောက်စေရန်နှင့် အိပ်ချ်အိုင်ဗွီ ကူးစက်ဖြစ်ပွားမှု အန္တရာယ်အား ၇၅ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ရန် ရည်ရွယ်ကာ နိုင်ငံအသီးသီးက အတူတကွ ပူးပေါင်းဆောင်ရွက် သွားကြမည် ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
