Top News

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားများအနက် ၃၅၉ ဆူကို ရှေးမူပုံစံအတိုင်း ပြုပြင်ပြီးဖြစ်ပြီး ၁၉ ဆူ ဆက်လက်ပြုပြင်နေကာ ဆောင်ရွက်ရန် ၁၁ ဆူသာကျန်ရှိ
24htopnews | October 11, 2024 5:12 AM CST

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားများအနက် ၃၅၉ ဆူအား ရှေးမှုပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းပြီးဖြစ်ပြီး ၁၉ ဆူအား ဆက်လက်ပြုပြင်နေကာ ၁၁ ဆူသာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်က ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အင်အားရစ်ခ်ျစတာစကေး (၆ ဒသမ ၈) အဆင့်ရှိသည့် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများအနက် ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါ ထိခိုက်ပျက်စီးမှုများကို စနစ်တကျ ပြုပြင်ရေးနှင့် ရေရှည်ကြံ့ခိုင်စေရေးအတွက် ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ငလျင်ပြီးပြီးချင်းမှာပင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒေသအာဏာပိုင်များ၊ ပြည်သူများနှင့် ပရဟိတအဖွဲ့များက အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီ ပုထိုးများကို ပြန်လည်ပြုပြင် ထိန်းသိမ်းရေးအတွက် UNESCO အဖွဲ့အစည်း အပါအဝင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ညှိနှိုင်းဆွေးနွေးမှုအရ ပျက်စီးခဲ့သည့် ၃၈၉ ဆူတွင် ပထမဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၅၃ ဆူ၊ တတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၇၆ ဆူနှင့် အသေးစား ပြုပြင်ရန် ၂၂၄ ဆူခွဲခြား သတ်မှတ်ခဲ့ပါကြောင်း၊ ငလျင်ဖြစ်ပွားပြီး ယနေ့အထိ သုံးနှစ်ကာလအတွင်း ပထမဦးစားပေးအဖြစ် ၂၆ ဆူ၊ ဒုတိယဦးစားပေးအဖြစ် ၄၃ ဆူ၊ တတိယဦးစားပေးအဖြစ် ၆၆ ဆူနှင့် အသေးစား ပြုပြင်ခဲ့သည့်စေတီ ၂၂၄ ဆူအပါအဝင် စုစုပေါင်း ၃၅၉ ဆူကို ရှေးမူပုံစံမပျက် ပြုပြင်ထိန်းသိမ်းပြီး ဖြစ်ပါကြောင်း၊ လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ ၁၉ ဆူနှင့် ဆောင်ရွက်ရန် ကျန် ၁၁ ဆူသာရှိသည်ကို တွေ့ရကြောင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ၀ိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဆက်စပ်ဌာနများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ဒေသခံများ၊ ဒေသတွင်းမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်သူများ အားလုံးကို ကျေးဇူးတင်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ထို့ပြင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွားလာနိုင်သည့် သဘာဝဘေး အန္တရာယ်များ အတွက်ပါ မျှော်မှန်းတွက်ချက်ပြီး လေးနှစ်စီမံကိန်းချမှတ်ကာ နှစ်အလိုက် အဆင့်ဆင့် ကြိုတင်ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများကိုပါ ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ငလျင်ဒဏ်ခံ စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရာတွင် ရေရှည်ကြံ့ခိုင်စေရန် ရည်မှန်း၍ အချိန်ယူကာ မူလပုံစံအတိုင်း ပြုပြင်သွားရန် အလေးအနက် ပြောကြားလိုကြောင်း၊ သို့ဖြစ်ပါ၍ ပြုပြင်ထိန်းသိမ်းရန် ကျန်ရှိနေသေးသည့် စေတီပုထိုး ၁၁ ဆူကိုလည်း ရေရှည်ကြံ့ခိုင်စေရန် ရည်မှန်း၍ အချိန်ယူကာ မူလပုံစံအတိုင်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်၊ နောင်ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေး အန္တရာယ်များ အတွက်ပါ မျှော်မှန်းတွက်ချက်၍ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ နည်းပညာ အကူအညီများ ရယူဆောင်ရွက်သွားရန်၊ ၎င်းအပြင် အသုံးပြုမည့် ပစ္စည်းများကိုလည်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ စံချိန်စံညွှန်း ပြည့်မီသည့် ပစ္စည်းများကို အသုံးပြု ဆောင်ရွက်သွားရန်၊ ရှေးဟောင်း အမွေအနှစ်နှင့် ကိုက်ညီပြီး စံချိန်စံညွှန်း ပြည့်မီသည့်ပစ္စည်း ဖြစ်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ် ဝန်ကြီးဌာနများမှ အကူအညီပေးရန်နှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ စဉ်ဆက်မပြတ် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

 


READ NEXT
Cancel OK