ဌာနေငှက်များနှင့် ဆောင်းခိုရှားပါးငှက်များ နှစ်စဉ်လာရောက် ကျက်စားလေ့ရှိသော မန္တလေးအနီး ဝန်းကျင်ရှိ အင်းအိုင်များကို ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအဆင့် ကော်မတီ ဖွဲ့ထားပြီးဖြစ်ကာ ကော်မတီမှ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပလိပ်အင်း၊ စွန်ရဲအင်း၊ ပျူကန်အင်း၊ တောင်သမန်အင်းများ ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့ကာ အစည်းအဝေး ဆောင်ရွက်ခြင်း တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီတွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးသစ် အပါအဝင် သစ်တောဌာန၊ ဝန်းကျင်/သားငှက်၊ မြေစာရင်း၊ ဆည်မြောင်း၊ ထွေ/အုပ်နှင့် ပြင်ပအဖွဲ့အစည်းများအဖြစ် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော BANCA၊ MBNS၊ WCS နှင့် IUCN တို့ ပါဝင်ကြောင်း သိရသည်။
“အင်းတွေမှာ ဆောင်းခိုငှက် တစ်ခုတည်း မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိန်းသိမ်းရေးအတွက် တိုင်းဒေသကြီးအဆင့် ကော်မတီ ဖွဲ့ထားပြီးပါပြီ။ ဒီကော်မတီမှာ သားငှက်ထိန်းသိမ်းရေးလို အဖွဲ့တွေလည်း ပါဝင်တယ်။ အားလုံးပူးပေါင်းပြီးတော့ ကမ်ပိန်းတွေ လုပ်ဖို့ရှိမယ်။ လောလောဆယ်မှာတော့ အင်းတွေရဲ့ ရေအရည်အသွေးကို နမူနာကောက်ယူတာတွေ လုပ်နေတယ်။ ဘာတွေလုပ်မယ်ဆိုတဲ့ စီမံချက် အသေးစိတ်တော့ မဆွဲရသေးဘူး။ နောက်ထပ်အစည်းအဝေးတွေမှာ ကော်မတီက စီမံချက်တွေရေးဆွဲပြီး ထိန်းသိမ်းရေးကို စီမံချက်တွေနဲ့ လုပ်ဆောင်သွားမယ်” ဟု မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောကြားသည်။
သစ်တောဦးစီးဌာန အနေဖြင့် လက်ရှိတွင် ဆောင်းခိုငှက်ရာသီကာလ၌ ငှက်ဖမ်းဆီးမှုများ လျော့ကျရန် သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူများနှင့် ပူးပေါင်းကာ အင်းများတွင် ကင်းလှည့်ခြင်းများ၊ အနီးဝန်းကျင် ကျေးရွာများတွင် ပညာပေးခြင်း အစီအစဉ်များကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်က ပလိပ်အင်းတွင် ငှက်ဖမ်းဆီးသူများကို ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလမှ စတင်ကာ လာရောက်လေ့ရှိပြီး မတ်လအထိ နေထိုင်ကျက်စားလေ့ရှိရာ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် BANCA အဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ရေငှက်မျိုးစိတ် စုစုပေါင်း ၁၈၈ မျိုးရှိပြီး ဆောင်းခိုရန် လာရောက်သော ရေငှက်မျိုးစိတ် ၈၈ မျိုးပါဝင်ကာ ယင်းထဲတွင် ရှားပါးမျိုးစိတ်ဖြစ်သော ဘဲပို့ချပ်သည် မြန်မာနိုင်ငံတွင် ဆောင်းရာသီ၌ လာရောက် ဆောင်းခိုသော ဆောင်းခိုရေဘဲငှက် အမျိုးအစားတွင် ပါဝင်ကာ ပလိပ်အင်းတွင် နှစ်စဉ်လာရောက် ဆောင်းခိုလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဆောင်းခိုငှက်ရာသီတွင် ပလိပ်အင်း၌ ငှက်များအား အဆိပ်ချ ဖမ်းဆီးမှုများကြောင့် ရှားပါးဆောင်းခိုငှက် မျိုးစိတ်များ သေဆုံးမှု ဖြစ်ပေါ်ခဲ့ရာတွင် ပဲပို့ချပ် ငှက်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
