Top News

နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ တက်ရောက်ဖွင့်လှစ်
24htopnews | October 11, 2024 6:12 AM CST

နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ဒေသခံပြည်သူ နှစ်သောင်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြေးပိဿာချိန် ခြောက်တန်ကျော်ရှိပြီး အမြင့် ၁၈ ပေရှိသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုကို ဖေဖော်ဝါရီ ၁၃ ရက်၌ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅ နှစ်မြောက်မွေးနေ့တွင် နေပြည်တော် သပြေကုန်း အဝိုင်းတွင် ဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖွင့်ပွဲ မစတင်မီ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ တက်ရောက်လာသူများအား အဖွင့်အမှာစကား ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက “အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ မြို့တော်လည်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေလည်းဖြစ်တဲ့ နေပြည်တော်မှာ ပြည်ထောင်စု ကျေးဇူးရှင်ကြီးရဲ့ ကြေးရုပ်တုကို မင်္ဂလာရက်မြတ် အခါသမယမှာ တင့်တယ်ဝင့်ကြွား ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ စိုက်ထူနိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့မြို့တော်ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံစေပြီး ပြည်ထောင်စုနယ်မြေဆိုတဲ့ ဂုဏ်ဒြပ်ကိုလည်း ထင်ဟပ်စေပါတယ်” ဟု ပြောကြားသည်။

ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းသည် သာမန်ကာလျှံကာအသွင် သဏ္ဌာန်အရ လုပ်နေဆောင်နေခြင်း မဟုတ်ဘဲ နိုင်ငံ၏ အရေးအရာများနှင့် စပ်လျဉ်း၍ အနှစ်သာရရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး မျိုးဆက်သစ် လူငယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးးသားဖြောင့်မတ် တည်ကြည်မှု၊ တိုင်းပြည်အတွက် ဖြူစင်သည့် စေတနာ၊ သန့်ရှင်းသည့် မေတ္တာနှင့် မွန်မြတ်သည့် လမ်းစဉ်များကို အတုယူကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကို မြင်တွေ့တိုင်း ဗိုလ်ချုပ်ရဲ့မူဝါဒ၊ လမ်းစဉ်တွေကို အကောင်အထည်ဖော်ရန် ကျန်သေးတယ် ဆိုတာကို မမေ့မလျော့စေရန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို သတိရတိုင်း ဗိုလ်ချုပ်ရဲ့ အဆိုအမိန့်၊ လုပ်ငန်းလုပ်စဉ်တွေကို ဆောင်ရွက်ရန်ရှိသေးတယ် ဆိုတာကို မလစ်ဟင်းကြစေရန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မျှော်မှန်းတမ်းတ ထုဆစ်ပုံဖော်လိုတဲ့ တိုင်းပြည်မျိုးဖြစ်အောင် ကြိုးပမ်းကြဖို့ တာဝန်ဝတ္တရားတွေ မပြီးသေးတာကို သတိမပြတ်ကြစေရန် မွန်မြတ်တဲ့ ဦးတည်ချက်တွေ ရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

လက်ရှိတာဝန်ယူထားသည့် အစိုးရအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် အိပ်မက်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလျက်ရှိပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် သန္နိဋ္ဌာန်ချပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

၎င်းက “ဒီမိုကရေစီထွန်းကား၍ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် ရည်သန်ပြီး ဖြစ်ပါတယ်။ အခြေခံ လူ့အခွင့်အရေးများကို အာမခံမယ့်၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်လာစေရန် ရည်ရွယ်ချက် ထားရှိပြီးလည်း ဖြစ်ပါတယ်။ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်ဆက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်း မရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်အစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ရဟန်းရှင်ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသားအားလုံးက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ကျေးဇူးဆပ်ခြင်းအားဖြင့် ၀ိုင်းဝန်းအားပေး ကူညီကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ NGO များနှင့် နေပြည်တော်ကောင်စီမြို့နယ် ရှစ်မြို့နယ်မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK