Top News

ဝန်ကြီးဌာနက GGS ကုမ္ပဏီ၏ Gas ဖိုးကို စိုက်ထုတ်ကျခံပေးမှုတွင် ငွေလဲနှုန်းကွာခြားမှုကြောင့် ဒေါ်လာငါးသိန်းကျော် ဆုံးရှုံးခဲ့ရခြင်းအား မည်သို့အရေးယူ ဆောင်ရွက်မည်ကို ရှင်းလင်းစွာ မှတ်ချက်မပြု၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဝေဖန်
24htopnews | October 11, 2024 6:12 AM CST

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ဒေါ်လာလေးသန်းခွဲကျော် စိုက်ထုတ်ကျခံပေးမှုတွင် Exchange Rate (ငွေလဲလှယ်နှုန်း) ကွာခြားမှုကြောင့် ဒေါ်လာငါးသိန်းကျော် ဆုံးရှုံးခဲ့ရခြင်းအား မည်သို့အရေးယူ ဆောင်ရွက်မည်ကို ရှင်းလင်းစွာ မှတ်ချက်မပြု၍ မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က လွှတ်တော်၌ ဝေဖန်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဒုတိယတွဲ (၁/၂၀၂၀)နှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးရာတွင် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“GGS ကုမ္ပဏီလီမိတက်အနေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရန် တင်ဒါရရှိခဲ့ပေမဲ့ တိုင်းဒေသကြီးအစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကုမ္ပဏီအတွက် လိုအပ်တဲ့ ဓာတ်ငွေ့ဖိုးတွေကို ကြားကနေပြီးတော့မှ စိုက်ထုတ်ကြခံပေးခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ မူလတင်ဒါမှာ ဒါတွေလုပ်ပေးဖို့ မပါပေမဲ့ ဘယ်လို အပေးအယူတွေကြောင့်လို့ မသိရဘဲ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၂ သန်းကျော်ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက စိုက်ထုတ်ကုန်ကျခံ ပေးခဲ့ပါတယ်။ ဒီလိုစိုက်ထုတ် ကုန်ကျခံပေးခဲ့ပေမဲ့ ဝန်ကြီးဌာနရဲ့ EC ခွင့်ပြုချက်လည်း မရှိ၊ စီမံ/ဘဏ္ဍာဝန်ကြီးဌာနရဲ့ သီးခြားဘဏ္ဍာရေး ခွင့်ပြုချက် တောင်းခံထားတာလည်း မတွေ့ရသလို ဒီလိုမှားယွင်းမှု ပျက်ကွက်မှုတွေအတွက် ဝန်ကြီးဌာန၏ အကြောင်းပြချက်က သာမန်အသုံးစရိတ်မှ အစိုးရဌာန အချင်းချင်း ငွေပေးချေတာဖြစ်လို့ EC မတင်တာပါ ဆိုတာဟာ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးတာနဲ့ အတူတူပါပဲ” ဟု ဦးမောင်မြင့်က ပြောကြားသည်။

ဝန်ကြီးဌာနက ဒေါ်လာလေးသန်းခွဲကျော်ကို တစ်နှစ်ကျော် နှစ်နှစ်နီးပါး စိုက်ထုတ်ကျခံပေးထားပြီး GGS ကုမ္ပဏီက ပြန်ပေးရာတွင် ဒေါ်လာ Exchange Rate (ငွေလဲနှုန်း) ကြောင့် ဒေါ်လာငါးသိန်းတစ်သောင်းကျော် ဆုံးရှုံးသွားခဲ့ကြောင်းနှင့် တရားမဝင် စိုက်ထုတ်ပေးခဲ့ခြင်းသည် အတိုးမရသည့်အပြင် အရင်းထဲမှ ဒေါ်လာငါးသိန်းကျော် ဆုံးရှုံးခြင်းဖြစ်ကြောင်း၊ စာရင်းစစ်ချုပ်အနေဖြင့် ဝန်ကြီးဌာနများ၏ တစ်နှစ်တာ လုပ်ဆောင်ခြင်းကို စစ်ဆေးရခြင်းကြောင့် ခက်ခဲပင်ပန်းမည် ဆိုသည်ကို ကိုယ်ချင်းစာသည့်အပြင် နားလည်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားသည်။

“ဒါပေမဲ့ ဒီကိစ္စအပေါ်မှာ ဝန်ကြီးဌာနအနေနဲ့ လုပ်ထုံးတွေကို ကျော်လွန်ပျက်ကွက်ပြီးတော့မှ GGS ကုမ္ပဏီအပေါ်မှာ မျက်နှာလို အားရနဲ့ ဒေါ်လာ ၄ ဒသမ ၅ သန်းကျော် စိုက်ထုတ်ကျခံပေးခဲ့တာကို လည်းကောင်း၊ Time Value of Money အရ ဒေါ်လာ ငါးသိန်းကျော် ဆုံးရှုံးခဲ့တာကိုလည်းကောင်း ဘယ်လို အရေးယူ ဆောင်ရွက်မယ် ဆိုတာကို ရှင်းလင်းစွာ မှတ်ချက်မပြုလို့ စိတ်ပျက်မိပါတယ်။ ပြည်သူ့ရဲ့ လစာကိုစားရင် ပြည်သူ့မျက်နှာကို ကြည့်ရမယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ ပိုဆိုးတာကတော့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ မှတ်ချက်ပါ။ အပိုဒ် ၁၄၆ (ခ)မှာ ဓာတ်ငွေ့ဖိုးများ စိုက်ထုတ်ပေးခဲ့ခြင်းသည် သာမန်ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ အကျိုးအမြတ်အတွက် မဟုတ်ဘဲ ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်လို့ ဖော်ပြတဲ့အတွက် ပူးပေါင်းကော်မတီဟာ GGS ကုမ္ပဏီအတွက် ဝန်ကြီးဌာနက စည်းလွတ်ဝါးလွတ်နဲ့ ဒေါ်လာလေးသန်းခွဲကျော် စိုက်ထုတ်ပေးခဲ့တာကို ထောက်ခံတယ်၊ မှန်ကန်တယ်လို့ အဓိပ္ပာယ် သက်ရောက်စေတဲ့ မှတ်ချက်တွေပြုခြင်းဟာ ကော်မတီရဲ့ ဂုဏ်သိက္ခာကို သေးသိမ်ရာ ကျရောက်စေတယ်လို့ ကျွန်တော်ကတော့ မှတ်ချက်ပြုချင်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားသည်။

ထို့ပြင် အစီရင်ခံစာ၏ အပိုဒ် ၁၄၆(ဂ) (၃)တွင် Exchange Rate ကွာခြားမှုကြောင့် ဆုံးရှုံးခဲ့ရသည့် ဒေါ်လာ ငါးသိန်းတစ်သောင်း ကျော်ရရှိရေးကို မှတ်ချက်မပြုခဲ့ခြင်းသည် မည်သည့်အရာများက ကော်မတီ၏ ပါးစပ်ကို ပိတ်ဆိုစေသနည်း တွန့်ဆုတ်စေသနည်း ဆိုသည်ကို သံသယဝင်စရာ ဖြစ်နေကြောင်း ဦးမောင်မြင့်က ပြောကြားသည်။

“ဒေသခံတွေရဲ့ လိုအပ်တဲ့ လျှပ်စစ်ရရှိမှု အဆက်မပြတ်အောင် ဝန်ကြီးဌာနက စေတနာလွန်ကဲပြီးတော့မှ ဒေါ်လာစိုက်ထုတ် ပေးတာကို ထားလိုက်ပါ။ ဒေါ်လာနဲ့ စိုက်ပေးရင် ဒေါ်လာနဲ့ ပြန်တောင်းရမယ်ဆိုတာ မသိဘူးဆိုရင် ဝန်ကြီးလုပ်ဖို့ မကောင်းတော့ပါဘူး။ ဒါကြောင့်စိုက်ထားသမျှ ဒေါ်လာ၊ တစ်ဒေါ်လာ၊ တစ်ဆင့်တောင်မှ မလျော့ဘဲ ပြန်ရဖို့ကတော့ ဝန်ကြီးဌာနမှ အဓိကတာဝန်ဖြစ်ပြီး အစိုးရအဖွဲ့၊ စာရင်းစစ်ချုပ်နဲ့ ပူးပေါင်းကော်မတီက ကြပ်မတ်စိစစ်ဖို့အတွက် တာဝန်ရှိတယ်လို့ ကျွန်တော်ကတော့ တင်ပြချင်ပါတယ်” ဟု ဦးမောင်မြင့်က ပြောကြားသည်။

 


READ NEXT
Cancel OK