မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် MyTel နှင့် ဆက်နွှယ်နေပြီး MyTel ၏ ပြိုင်ဘက်များကို ဂုဏ်သိက္ခာ ကျဆင်းစေရန် ဆောင်ရွက်နေသည့် ပေ့ချ်အတု အယောင်များကို Facebook က ပိတ်ပင်ခဲ့ကြောင်း တောင်အာဖရိက အခြေစိုက် ဒစ်ဂျစ်တယ် မှုခင်းစုံစမ်းစစ်ဆေးရေး သုတေသနလုပ်ငန်း DFRLab ကို ကိုးကားပြီး အွန်လိုင်းသတင်းဝက်ဘ်ဆိုက် Medium က ဖေဖော်ဝါ ရီ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။
မြန်မာနှင့် ဗီယက်နမ်တပ်မတော်များက သွယ်ဝိုက်ပိုင်ဆိုင်သည်ဟု ယင်းသတင်းတွင် ဆိုထားသော MyTel နှင့် ဆက်နွှယ်နေသည့် အကောင့် ၁၃ ခု နှင့် ပေ့ချ် ၁၀ ခုကို အတုအယောင်လုပ်ရပ်များ ကွန်ရက်ဖွဲ့ ဆောင်ရွက်မှုအတွက် Facebook က ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ပိတ်ပင်ခံခဲ့ရသော အကောင့်များထဲမှ အချို့ကို DFRLab က စစ်ဆေးခွင့်ရခဲ့ပြီး ထိုပေ့ချ်များသည် မိုဘိုင်းနည်းပညာကို အသိပညာပေးရန် ဟုဆိုကာ ဖော်ပြထားသော စာမျက်နှာများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ထိုပေ့ချ် ခြောက်ခုသည် MyTel နှင့် ညီနောင်ကုမ္ပဏီ MyTel Payတို့၏ ပြိုင်ဘက်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း DFRLab က လေ့လာတွေ့ရှိခဲ့သည်ဟု ပါရှိသည်။ MyTel နှင့် ဆက်နွှယ်သော ပေ့ချ်များသည် သတင်းအတုအယောင်များကို ဖြန့်ဖြူးရောင်းချခြင်းမျိုး မဟုတ်ဘဲ ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် အကျိုးအမြတ်ကို မြှင့်တင်ရန် သွယ်ဝိုက်ရည်ရွယ်ပြီး ပြိုင်ဘက်များကို ထိုးနှက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း DFRLab က ဆိုခဲ့သည်။
မြန်မာနိုင်ငံရှိ အချို့ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်း မအောင်မမြင်ဖြစ်ပြီး စျေးကွက်မှထွက်ရန် စီစဉ်နေကြောင်း၊ ထိုကုမ္ပဏီများသည် ၎င်းတို့၏ ဖောက်သည်များကို လိမ်လည်လှည့်ဖြားနေကြောင်း၊ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနှင့် ရေးသားပြီး ထိုပေ့ချ်နှင့် အကောင့်များက ဖြန့်ဖြူးခဲ့ကြကြောင်း Facebook က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုသို့ စုဖွဲ့ဆောင်ရွက်ခဲ့သူများသည် ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာကုမ္ပဏီ MyTel နှင့် ဗီယက်နမ်ကုမ္ပဏီ Viettel တို့နှင့် ထိုပေ့ချ်များ ဆက်နွှယ်မှုကို စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့သည်ဟု Facebook ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ဗီယက်နမ်မှ PR လုပ်ငန်း Gapit Communications သည်လည်း ယင်းပေ့ချ်များနှင့် ဆက်နွှယ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ပုံစံတူ အကြောင်းအရာတူများကို အချိန်အနည်းငယ်သာခြားပြီး ဖြန့်ခြင်း၊ ပေ့ချ်ကို တာဝန်ယူ စီမံသူများသည် မြန်မာနှင့် ဗီယက်နမ်တွင် အခြေစိုက်ခြင်း၊ ကြားနေသဘောထားရှိပြီး မိုဘိုင်းနည်းပညာကို စိတ်ဝင်စားသူများအား ရည်ရွယ်သည့် စာမျက်နှာများဟု ကနဦးတွင် ဖော်ပြထားကြသော်လည်း အထောက်အထား အတုများကို ဖော်ပြထားခြင်း၊ ပေ့ချ်များအား Like ပိုမိုရရှိရန် ဆောင်ရွက်ခဲ့ခြင်း များကိုလည်း စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဆက်သွယ်ရေးစျေးကွက် ဖွံ့ဖြိုးလာခဲ့ပြီးနောက် မိုဘိုင်းဖုန်း သုံးစွဲမှုသည် တစ်ရှိန်ထိုး တိုးတက်ခဲ့ကြောင်း မိုဘိုင်းဖုန်း အသုံးပြုနိုင်မှုသည် ၂၀၁၁ ခုနှစ်က ၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ ထိ ရောက်ရှိခဲ့ကြောင်း၊ မိုဘိုင်းဖုန်း သုံးစွဲမှု မြင့်တက်လာမှုနှင့်အတူ မိုဘိုင်းပေးမန့်လုပ်ငန်းများ တွင်ကျယ်လာခဲ့ကြောင်း၊ မိုဘိုင်းပေးမန့် အေးဂျင့်များက အစဉ်အလာ အေတီအမ်များကို အစားထိုးလာခဲ့ကြောင်း ယင်းသတင်းက ရေးသားဖော်ပြခဲ့သည်။
ပုဂ္ဂလိကလုပ်ငန်းစု MNTH နှင့်အတူ MyTel သည် ၂၀၁၇ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လိုင်စင်ကို ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်တွင် MyTel Pay ကို စတင်ခဲ့သည်။
ယခုပိတ်ပင်ခံခဲ့ရသော ပေ့ချ်များသည် MyTel နှင့်ဆက်နွှယ်နေကြောင်း ကနဦးတွင် ဖော်ပြထားခြင်း မရှိကြပေ။
ပေ့ချ်များ စတင်ဖန်တီးပြီးနောက် မကြာမီမှာပင် ထောက်ခံမှုရရန် ရည်ရွယ်ပြီး အမျိုးသားရေး လေသံများ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လေသံများပါသည့် အကြောင်းအရာများကို တင်ခဲ့ကြကာ မကြာမီမှာပင် ထိုပေ့ချ်များသည် MyTel ကို ထောက်ခံအားပေးသည့် အကြောင်းအရာများကို တင်ခဲ့ကြကြောင်း စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့သည်ဟု ဆိုထားသည်။
Myanmar Internet & Telecom News နှင့် Myanmar Telecom Promotions တို့သည် ယင်းပေ့ချ်များတွင် အင်အားများသော ပေ့ချ်များဖြစ်ကာ ကြားနေသော အကြောင်းအရာများ၊ MyTel ၏ ပြိုင်ဘက်များအား ကြော်ငြာပေးသော အကြောင်းအရာများကို တင်ခဲ့ပြီး ၎င်းတို့ပေ့ချ်များ၏ ရည်ရွယ်ချက်များကို အများက သံသယ မဝင်စေရန် ကြိုးပမ်းခဲ့ကြကြောင်း အထောက်အထားများကို စုံစမ်းစစ်ဆေးသူများက ဖော်ပြခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုပေ့ချ်များသည် Like များတိုးလာကာ ရုတ်တရက် တိုးလာမှုများက မသင်္ကာဖွယ်ရာ ဖြစ်ခဲ့ကြောင်း၊ ပေ့ချ်များ၏ Like တိုးစေရန် ငွေသုံးဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း စစ်ဆေးမှုများက ဖော်ပြခဲ့သည်။
MyTel ၏ ပြိုင်ဘက်များဖြစ်သော MPT၊ Telenor နှင့် Ooredoo တို့ကို ဝေဖန်သော အကြောင်းအရာများအား ထိုပေ့ချ်များက တစ်ပုံစံတည်း ဖြန့်ခဲ့ကြောင်း ဥပမာများပေးပြီး စုံစမ်းမှုက ဖော်ပြခဲ့သည်။ MyTel ၏ ပြိုင်ဘက် Telenor က ဆောင်ရွက်နေသည့် မိုဘိုင်းငွေလွှဲဝန်ဆောင်မှု Wave Money ကို ဝေဖန်သည့်ပို့စ် တစ်ခုကို ၂၀၂၀ ဇန်နဝါရီ ၂၀ တွင် ထိုကွန်ရက်မှ ပေ့ချ်ခြောက်ခုစလုံးတွင် တင်ခဲ့ကြကြောင်း၊ ထိုပို့စ်တွင် Wave Money ကို “ကျွမ်းကျင်သူအဆင့် ဘဏ်ဓားပြ” အဖြစ် Meme နှင့်သရုပ်ဖော်ထားသည်။
အသေးစိတ် စုံစမ်းလေ့လာမှုများအရ ထိုပေ့ချ်များ၏ ဆောင်ရွက်ချက်များသည် တိုက်ဆိုင်မှုဟု ယူဆ၍ မရကြောင်း MyTel နှင့်ထိုပေ့ချ်များ ဆက်နွှယ်နေကြောင်း စုံစမ်းလေ့လာမှုများက ဖော်ပြနေသည်ဟု DFRLab မှ ဒစ်ဂျစ်တယ်မှုခင်း ကျွမ်းကျင်သူ Jean le Roux က ကောက်ချက်ချခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
