Top News

2019-nCo Vacute Respiratory Disease အမည်ကို Coronavirus Disease 2019 (COVID-19) အဖြစ် WHO တရားဝင် အမည်သတ်မှတ်
24htopnews | October 11, 2024 6:12 AM CST

လက်ရှိဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ 2019-nCo Vacute Respiratory Disease အမည်ကို Coronavirus Disease 2019 (COVID-19) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်က ဖေဖော်ဝါရီ ၁၁ ရက်က တရားဝင်အမည် သတ်မှတ်လိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက်အစောပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ တစ်ကမ္ဘာလုံးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၄၅၁၇၁ ဦးရှိကြောင်း၊ တရုတ်နိုင်ငံပြင်ပ ဟောင်ကောင်၌ ၄၉ ဦး၊ မကာအိုတွင် ၁၀ ဦးနှင့် ထိုင်ဝမ်တွင် ၁၈ ဦး အပါအဝင် ဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြု လူနာများအနက် ၈၂၀၄ ဦးမှာ စိုးရိမ်ရသည့် အခြေအနေ ရှိနေပြီး လူဦးရေ ၁၁၁၄ ဦး သေဆုံးပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် ဖြစ်ပွားမှုရှိနေပြီး ဓာတ်ခွဲအတည်ပြုလူနာ ၄၄၁ ဦးရှိကြောင်း၊ ဓာတ်ခွဲအတည်ပြု လူနာအသစ် ထပ်တိုးတွေ့ရှိသော နိုင်ငံသုံးနိုင်ငံရှိပြီး စင်ကာပူ၊ ဂျပန်၊ ဂျာမနီနိုင်ငံတို့ ဖြစ်ကြောင်းနှင့် အာဆီယံနိုင်ငံများတွင် ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အန္တရာယ်ရှိအဆင့် သတ်မှတ်ချက်အရ တရုတ်နိုင်ငံသည် အလွန်အန္တရာယ်ရှိ Very High အဆင့်တွင်ရှိပြီး ဒေသတွင်းနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိ High အဆင့် သတ်မှတ်ထားဆဲဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကူးစက်ရောဂါ အသစ်များနှင့် ပတ်သက်၍ အမည်ပေးရာ၌ OIE နှင့် FAO တို့နှင့် တိုင်ပင်ဆွေးနွေးပူးပေါင်း အဖြေရှာ၍ COVID-19 (၂၀၁၉ ကိုရိုနာဗိုင်း ရပ်စ်ရောဂါ) ဟုအမည်ပေးလိုက်ပြီ ဖြစ်ကြောင်းနှင့် COVID-19 ကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၁၂ ရက်အထိ ၁၁၀၀ ကျော်လာခဲ့သော်လည်း ထပ်မံကူးစက်ခံရသူ အရေအတွက်သည် နှစ်ရက်ဆက် ကျဆင်းသွားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကိုထိန်းချုပ်ရန် တရုတ်က ရုန်းကန်နေရပြီး ဂျပန်ကမ်းလွန်မှ ခရုဇ်သင်္ဘောကြီးပေါ်၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၄ ဦးအထိ ရောက်ရှိခဲ့ပြီးနောက် တရုတ်အပြင်ဘက်တွင် ကူးစက်မှုအမြင့်ဆုံးနေရာ ဖြစ်ခဲ့သည်။

တရုတ်တွင် နောက်ထပ် ၉၇ ဦးသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁၁၁၃ ဦးအထိ မြင့်တက်ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည်လည်း ၄၄၆၀၀ သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) က ကိုရိုနာဗိုင်းရပ်စ်အား COVID-19 ဟု အမည်ပေးခဲ့ပြီး ဧရာမ ခြိမ်းခြောက်မှုကို ညီညီညွတ်ညွတ် တိုက်ဖျက်ကြရန် တိုက်တွန်းခဲ့သည်။

လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါနှင့် ပတ်သက်၍ လူမှလူသို့ ကူးစက်မှုမှာ အကန့်အသတ်ရှိပြီး လူနာနှင့် ထိတွေ့ကိုင်တွယ်သူ၊ လူနာကို စောင့်ရှောက်သူများတွင် ရောဂါကူးစက်မှု လျော့ကျစေရန်နှင့် တရုတ်နိုင်ငံမှ အခြားနိုင်ငံများသို့ မကူးစက်စေရေး၊ လူနာများကို Identify လုပ်ပြီး သီးခြားထားရှိကုသမှုကို စနစ်တကျ လုပ်ဆောင်ရန်နှင့် ယင်းမှ တခြားသူများသို့ ကူးစက်မှု မရှိစေရန်၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်မှု လျော့ကျစေရေးအတွက် Animal Source ကို ဖော်ထုတ်ရန်၊ ရောဂါ၏ ပြင်းထန်မှု ပျံ့နှံ့နိုင်မှု အတိုင်းအတာ ကုသမှု နည်းလမ်းများ ရောဂါကို အမြန်ဆုံး ရှာဖွေဖော်ထုတ်နိုင်မှု ကာကွယ်ဆေးများ ဖော်ထုတ်နိုင်ရန်၊ ရောဂါ၏ သဘောသဘာဝနှင့် မည်သို့ကူးစက်နိုင်သည်၊ မည်ကဲ့သို့ ကာကွယ်နိုင်သည်ကို ပြည်သူလူထုနှင့် ဆက်သွယ်ပြီး သတင်းပေးရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် ကောလာဟလများကိုလည်း ဖြေရှင်းဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ဌာနအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများကို နည်းနိုင်သမျှ နည်းစေရေး ဆောင်ရွက်ရန် စသည့်ရည်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

 


READ NEXT
Cancel OK