Top News

မလေးရှားရောက် မြန်မာလုပ်သားဖခင်က ကလေးသုံးယောက်ကို တံတားပေါ်မှ ပစ်ချပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွား
24htopnews | October 11, 2024 1:12 PM CST

မလေးရှားရောက် မြန်မာလုပ်သားဖခင်က ကလေးသုံးယောက်ကို တံတားပေါ်မှ ပစ်ချပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ သိရသည်။

သြဂုတ် ၂ ရက် နံနက်က MRR2 အဝေးပြေးလမ်းမကြီး၏ တံတားပေါ်မှ ကလေးသုံးဦးကို အရင်ဆုံး ပစ်ချခဲ့ကြောင်း၊ ယင်းသို့ ပစ်ချပြီးနောက် ဖခင်ကိုယ်တိုင် တံတားပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ကြောင်း၊ ယင်းသို့ သေကြောင်းကြံစည်မှုကြောင့် ကလေးနှစ်ဦးနှင့် ဖခင်မှာ သေဆုံးခဲ့ပြီး ငါးနှစ်အရွယ် ကလေးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း မလေးရှားအခြေစိုက် The Star သတင်းဌာနက ဖော်ပြထားသည်။

သေကြောင်းကြံစည်မှုကြောင့် ၃၈ နှစ်အရွယ် အမျိုးသားနှင့် အခြားကလေးနှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး အခြားကလေးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိကာ ဆက်လက်ကုသရန် ဆလာယန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း Sentul ရဲချုပ် Beh Eng Lai က ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

မျက်မြင်သက်သေများ၏ အဆိုအရ အခင်းမဖြစ်ပွားမီ နံနက် ၅ နာရီ ၅၀ မိနစ်တွင် ကလေးငယ်များကို လက်ဆွဲကာ လမ်းလျှောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။ အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးနေပြီး ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ ပေးဆောင်ရန် တောင်းဆိုထားကြောင်း ရဲချုပ်က ပြောကြားသည်။

သေဆုံးသွားသူများမှာ မြန်မာနိုင်ငံသား ချင်းလူမျိုးမိသားစုဖြစ်ကာ ဖခင်ဖြစ်သူမှာ ဦး Cholei၊ ရှစ်နှစ်အရွယ် သမီး Vadetisoh၊ ခြောက်နှစ်အရွယ် သား Vabiechose တို့ဖြစ်ကြောင်း၊ မိသားစုဝင်များအားလုံး ဘုရားသခင်၏စောင့်ရှောက်မှုကိုခံယူရရှိပြီး ကောင်းကင်ဘုံသို့ရောက်ရှိပါစေကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)က သတင်းထုတ်ပြန်သည်။


READ NEXT
Cancel OK