လာအိုနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်က ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ရပ် များသည် အလွန်အန္တရာယ်များကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ မဟာဗျူဟာအရ အရေးကြီးသည့် ကျောက်တန်းများနှင့် ကျွန်းစုများအနီးတွင် ဖိလစ်ပိုင်သင်္ဘောများကို မောင်းထုတ်ရန်ကြိုးပမ်းချက် တစ်ခုအနေဖြင့် တရုတ်သည် မကြာသေးမီလ များအတွင်းက စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများကို ဖြန့်ကြက်ချထားခဲ့သည်။
ထို့ပြင်တရုတ်သည် အရှေ့တရုတ်ပင်လယ်တွင် ဂျပန်က ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုကိုလည်း ဖိအားများတိုးမြှင့်ခဲ့သည်။
“တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်မှာ တရုတ်ရဲ့ အန္တရာယ်များပြီး တရားမဝင်တဲ့ လုပ်ရပ်တွေ မြင့်တက်လာမှုဟာ အာဆီယံနိုင်ငံတွေရဲ့ ပြည်သူတွေကို ထိခိုက်ဒဏ်ရာရစေခဲ့ပြီး သင်္ဘောတွေကို ထိ ခိုက်စေခဲ့ရုံမက အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းမယ့် ကတိကဝတ်တွေနဲ့ ဆန့်ကျင်နေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မိပါတယ်”ဟု ဘလင်ကင်က လာအို၏ ဗီယန်ကျင်းမြို့တော်တွင် ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်စွာရေကြောင်းသွားလာခွင့်နှင့် လွတ်လပ်စွာ လေယာဉ်ပျံသန်းခွင့်တို့ကို ဆက်လက်ထောက်ခံပေးသွားမည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် အမေရိကန်သည် တရုတ်နှင့် တင်းမာမှုဖြစ်ပွားသည့် အကြောင်းရင်းတစ်ခု ဖြစ်သည့် ထိုင်ဝမ် ရေလက်ကြားတည်ငြိမ်ရေးကိုလည်း ကာကွယ်ရန် အာဆီယံခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက် ရန် မျှော်လင့်ထားကြောင်း ဘလင်ကင်က ပြောသည်။
ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ထိုင်ဝမ်အပေါ် မည်သည့် ရန်လိုသည့် လှုပ်ရှားမှုမျိုးကိုမဆို ဆန့်ကျင်ကြောင်း ဘလင်ကင်က တရုတ်ကို သတိပေးခဲ့သည်။
ဘလင်ကင်က ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်၏ မိန့်ခွန်းဖြစ်သည့် “တိုက်ခိုက်သိမ်းပိုက်မှုကို ခုခံသွားမည်”ဆိုသည့် ပြောကြားချက်ကို ကိုးကားပြောဆိုခဲ့ရာတွင် တရုတ်အနေဖြင့် ရန်လိုသည့် လုပ်ရပ်များအတွက် မည်သည့် အခြေအနေကိုမျှ ခေါင်းစဉ်မတပ်သင့်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့နဲ့ အခြားနိုင်ငံတွေဟာ ရှိရင်းစွဲအနေအထားကို ထိန်းသိမ်းဖို့ အားပေး ထောက်ခံသွားမှာပါ။ ကုန်ကူးသင်္ဘောတွေသွားတဲ့ လမ်းကြောင်းစု စုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းဟာ ထိုင်ဝမ်ရေလက်ကြားကို နေ့စဉ် ဖြတ်သန်းမောင်းနှင်နေတာပါ။ ကမ္ဘာပေါ်မှာအသုံးပြုနေတဲ့ ခေတ်မီတစ်ပိုင်း လျှပ်ကူးပစ္စည်း စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကိုလည်း ထိုင်ဝမ်က ထုတ်လုပ်နေတာပါ”ဟု ဘလင်ကင်က ပြောကြားခဲ့သည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်း၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ရှိရှင်းစွဲအခြေအနေကို ထိန်းသိမ်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက်စေမည့် မည်သည့် ပဋိပက္ခကိုမဆို ရှောင်ကြဉ်ရန်လိုအပ်ကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
