Top News

မိုးပျံကား ဝန်ဆောင်မှုအတွက် Uber က မဲလ်ဘုန်းအား အမေရိကန်ပြင်ပမှ ပထမဆုံးမြို့အဖြစ် ရွေးချယ်
24htopnews | October 11, 2024 8:12 PM CST

၂၀၂၃ ခုနှစ်တွင် စတင်ရန် မျှော်မှန်းထားသည့် မိုးပျံအငှားယာဉ်ဝန်ဆောင်မှုအတွက် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းကို မေ ရိကန်ပြင်ပမှ ပထမဆုံးမြို့အဖြစ် ရွေးချယ်လိုက်ကြောင်း Uber က ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် Uber သည် ၎င်း၏ ရည်မှန်းချက်ကြီးသော ပဏာမခြေလှမ်းအတွက် မိတ်ဖက်သစ်များကိုလည်း ထုတ်ဖော်ခဲ့သည်။

မဲလ်ဘုန်းသည် ဒါးလက်နှင့် လော့စ်အိန်ဂျလိစ်တို့ပြီးလျှင် Uber Air အတွက် တတိယမြောက် ရှေ့ပြေးမြို့အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ စမ်းသပ်ပြေးဆွဲမှုများကို ၂၀၂၀ ပြည့်နှစ်တွင် စတင်မည်ဖြစ်ပြီး၂၀၂၃ ခုနှစ်တွင် စီးပွားဖြစ်ပြေးဆွဲမှုများ စမည်ဖြစ်သည်။

၀ါရှင်တန်တွင် ကျင်းပသည့် Uber Elevate ထိပ်သီးအစည်းအဝေးတွင် ယခုသတင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အငှားယာဉ်ပျံများသည် ယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေပြီး မြို့ပြအခြေအနေကို တိုးတက်လာစေရန် နည်းလမ်းတစ်ခုဖြစ်သည်ဆိုသော အမြင်ကို ကယ်လီဖိုးနီးယားအခြေစိုက် အွန်လိုင်းအငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းကြီး Uber က ထိုထိပ်သီးတွင် အသေးစိတ် ထုတ်ဖော်ခဲ့သည်။

“ယာဉ်အငှားဝန်ဆောင်မှုနဲ့ အနာဂတ် သယ်ယူပို့ဆောင်ရေး နည်းပညာအတွက် သြစတြေးလျအစိုးရမှာ တိုးတက်မှုကို အားပေးတဲ့ ချဉ်းကပ်ပုံမျိုးရှိနေပါတယ်။ ဒါ့အပြင် မဲလ်ဘုန်းရဲ့ သူမတူတဲ့ မြေမျက်နှာသွင်ပြင်နဲ့ လူမှုဗေဒအချက်အလက်တွေ၊ တီထွင်ဆန်းသစ်မှုနဲ့ နည်းပညာ တိုးတက်ဖြစ်ထွန်းမှု ရှိတာတွေကြောင့် မဲလ်ဘုန်းဟာ Uber Air စတင်ဖို့ ပြီးပြည့်စုံတဲ့ တတိယမြောက် မြို့ဖြစ်လာပါတယ်။ တခြားသြစတြေးလျမြို့တွေကိုလည်း ထပ်ပြီးရွေးချယ်ဖို့ လုပ်နေပါတယ်” ဟု ဒေသဆိုင်ရာ Uber မန်နေဂျာ ဆူဆန်အန်ဒါဆန်က ပြောကြားခဲ့သည်။

Uber သည် ယခုအစီအစဉ်အတွက် ပင်ဆယ်ဗေးနီးယားအခြေစိုက် Jaunt Air Mobility ကို ယာဉ်ပိုင်းဆိုင်ရာ မိတ်ဖက်သစ်အဖြစ် ကြေညာခဲ့ပြီး ယင်းသည် ဒလက်များနှင့် အပေါ့စား တောင်ပံအသေတပ်ယာဉ်ပျံများကို ထုတ်လုပ်ပေးမည်ဖြစ်သည်။ အငှားယာဉ်ပျံ၏ အတွင်းပိုင်းဒီဇိုင်းကို ပြင်သစ်အင်ဂျင်နီယာအုပ်စု Safranနှင့် ပူးပေါင်းမည့်အကြောင်းကိုလည်း Uber က ထုတ်ဖော်ခဲ့သည်။

Uber Air ဝန်ဆောင်မှုသည် Uber ၏ အငှားယာဉ်ဝန်ဆောင်မှုနှင့် ရှေ့သွားနောက်လိုက်ညီစေရန် ဒီဇိုင်းထွင်ထားသည်။ ယာဉ်ပျံရွေးချယ်မှုသည် Uber ၏ စမတ်ဖုန်း app ထဲတွင် ပါဝင်မည်ဖြစ်သည်။

Uber သည် ပြီးခဲ့သည့် သီတင်းပတ်က ဝေဟင်အငှားယာဉ်ဝန်ဆောင်မှု၏ ပထမခြေလှမ်းအဖြစ် နယူးယောက်ရှိ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှ မန်ဟက်တန်အောက်ပိုင်းသို့ ပြေးဆွဲသည့် ရဟတ်ယာဉ်ဝန်ဆောင်မှုတစ်ခုကို စတင်ခဲ့သည်။ နောက်ပိုင်းတွင် ရဟတ်ယာဉ်များနေရာ၌ လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်ပျံတက်၊ ဆင်းနိုင်သည့် ယာဉ်များဖြင့် အစားထိုးသွားမည်ဟု သိရသည်။

 


READ NEXT
Cancel OK