သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်အမျိုးသမီး ဆာရာဆန်းဒါး ရုတ်ချည်း နုတ်ထွက်သွားသည့်အကြောင်း ဇွန် ၁၃ ရက်က ကြေညာခဲ့သည်။
ထရန့်၏ အယုံကြည်ရဆုံး စစ်သည်တစ်ဦးဟု တင်စားခံရသော ဆန်းဒါးသည်က သောင်းကနင်းနိုင်လှသော ထရန့်၏ သမ္မတသက်တမ်း နှစ်နှစ်ခွဲအတွင်းသာမက မဲဆွယ်စည်းရုံးစဉ်ကတည်းက ထရန့်၏ နံဘေးတွင် စဉ်ဆက်မပြတ် ရှိနေခဲ့သူဖြစ်သည်။ ထရန့်သည် ဆန်းဒါးနုတ်ထွက်သည့်အကြောင်းကို Twitter ပေါ်တွင် ရေးသားကြေညာခဲ့ခြင်းဖြစ်ပြီး အစားထိုးမည့်သူကို မထုတ်ဖော်ခဲ့ပေ။
“သုံးနှစ်ခွဲကြာမြင့်ပြီးနောက်မှာ ကျွန်တော်တို့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဆာရာဟက်ကာဘီးဆန်းဒါးဟာ အိမ်ဖြူတော်ကနေ အခုလကုန်မှာ ထွက်ခွာပြီး နေရပ်ဖြစ်တဲ့ အာကင်ဆောပြည်နယ်ကို ပြန်တော့မှာ ဖြစ်ပါတယ်” ဟု ထရန့်က ပြောကြားရင်း အာကင်ဆော ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးအတွက် ဆန်းဒါးက ဝင်ပြိုင်ရန် မျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။
မညှာမတာ ပြောလေ့ရှိသူဖြစ်သည့် ဆန်းဒါးသည် အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်ရာထူးအား ယူခဲ့ကြသည့် ရှေ့လူများကဲ့သို့ အမှားများသူမဟုတ်ပေ။ သို့သော်လည်း ဆန်းဒါးသည် ဂျာနယ်လစ်များနှင့် ရန်ပွဲများ ဖြစ်ပွားမှုအတွက် နာမည်ကျော်သူဖြစ်ပြီး နှစ်သက်ဖွယ်မကောင်းသော သတင်းများကိုလည်း သတင်းတုများဟု ထရန့်အတိုင်း သံယောင်လိုက်ပြီး ခေါ်ဆိုလေ့ရှိသူဖြစ်သည်။
ဇွန် ၁၃ ရက်က အိမ်ဖြူတော်တွင် ကျင်းပခဲ့သော လူ့အဖွဲ့အစည်းသို့ အကျဉ်းသားဟောင်းများ ပြန်လည်ဝင်ရောက်ရေး အခမ်းအနားတွင် ထရန့်သည် ပရိသတ်ထဲမှ ၎င်း၏စစ်သည် ဆန်းဒါးအား ခေါ်ယူပြီး အကြီးအကျယ် ချီးမွမ်းခဲ့သည်။ “သူ့ကိုမိတ်ဆွေတစ် ဦး၊ အမျိုးသမီးတစ်ဦး၊ အလွန့်အလွန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ခေါ်လိုပါတယ်” ဟု ထရန့်ကပြောရင်း “သူဟာ အရမ်းကို လူကြိုက်များသူပါ” ဟုလည်း ဆိုခဲ့သည်။
သို့သော် အသက် ၃၆ နှစ်အရွယ် ဆန်းဒါးသည် အိမ်ဖြူတော်မှ သတင်းအဖွဲ့များနှင့် ခါးသီးသော ဆက်ဆံရေးရှိသူဖြစ်သည်။ ထို့ပြင် ယခင်သမ္မတ အစဉ်အဆက်လက်ထက်က အိမ်ဖြူတော်၌ နေ့စဉ်လုပ်ဆောင်နေကျ ဝတ္တရားတစ်ခုဖြစ်သော သတင်းစာရှင်းလင်းပွဲများ မရှိတော့ခြင်းမှာ ဆန်းဒါး၏ လက်ချက်ဟု ရှုမြင်ခံနေရသည်။
ယင်းအစား ဆန်းဒါးသည် သမ္မတထရန့်၏ စိတ်ကြိုက် သတင်းဌာနဖြစ်သော Fox မှတစ်ဆင့် အင်တာဗျူးများ ဖြေကြားခြင်းဖြင့်သာ သတင်းပြန်ကြားခြင်းအများပိုင်းကို လုပ်လေ့ရှိပြီး ရံဖန်ရံခါတွင် ဂျာနယ်လစ်များနှင့် ပြင်ပ၌ တရားဝင်မဟုတ်သော ရှင်းလင်းပွဲများလုပ်လေ့ရှိသည်။ ဆန်းဒါးအား အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ခန်းမထဲမှ စင်မြင့်တွင် နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်မှာ မတ် ၁၁ ရက်က ဖြစ်သည်။
ဆန်းဒါးသည် သတင်းထောက်များထံ အလိမ်အညာများကို ထပ်တလဲလဲ ပြောကြားခဲ့သည်ဟု စွပ်စွဲခံရသူလည်းဖြစ်သည်။ ဆန်းဒါးသည် မီဒီယာစက်ဝန်းနှင့် မကောင်းသော ဆက်ဆံရေးရှိသော်လည်း ၎င်းနုတ်ထွက်မည့်အကြောင်းနှင့် ပတ်သက်ပြီး အရိပ်အမြွက်ပင် သတင်းမထွက်ခဲ့ပေ။ ဆန်းဒါး၏ ဖခင်မှာ အာကင်ဆောပြည်နယ်၏ ရီပက်ဘလီကင် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည်။
အဆိုပါ အကျဉ်းသားဟောင်း အခမ်းအနားအတွင်း သိသိသာသာ စိတ်ထိခိုက်လှုပ်ရှားနေပုံရသည့် ဆန်းဒါးက ထရန့်ကို ချီးမွမ်းစကားပြောခဲ့ပြီး ၎င်းလုပ်ခဲ့သည့် အလုပ်၏ မိနစ်တိုင်းကို ချစ်မြတ်နိုးကြောင်းလည်း ပြောကြားသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
