Top News

အီရန်နှင့်အမေရိကန်တင်းမာနေစဉ် ဟော်မုဇ်ရေလက်ကြားအနီး ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ
24htopnews | October 11, 2024 8:12 PM CST

အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်နေစဉ် မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားအနီးတွင် ဇွန် ၁၃ ရက်၌ ရေနံတင်သင်္ဘောနှစ်စင်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောတစ်စင်းသည် မီးလောင်ခဲ့သည်။ ထိုသင်္ဘောနှစ်စင်း မှ သင်္ဘောသားများအား အရေးပေါ်ကယ်ဆယ်ခဲ့ရပြီး အမေရိကန်ရေတပ်ကလည်း ကူညီပေးရန် အလျင်အမြန်သွားရောက်ခဲ့ကြောင်း သိရသည်။

အီရန်ကမ်းရိုးတန်းအလွန် အိုမန်ပင်လယ်ကွေ့တွင် ယင်းသင်္ဘောနှစ်စင်းသည် ပစ်မှတ်ထားခံခဲ့ရသည်ဟု ယုံကြည်ရသော်လည်း ထိုသင်္ဘောနှစ်စင်းဖြစ်သော MT Front Altair  နှင့် Dryad Global တို့သည် မည်သည့်လက်နက်များဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်ရေတပ်နှင့် သင်္ဘောပိုင်ရှင်များက ချက်ချင်းမထုတ်ပြန်သေးပေ။ ယင်းသည် ဒေသတွင်း၌ ရေနံတင်သင်္ဘောများအား ပစ်မှတ်ထားသည့် နောက် ဆုံးဖြစ်စဉ် ဖြစ်လာခဲ့သည်။

ပြီးခဲ့သောလတွင်လည်း ယူအေအီးဆိပ်ကမ်း ဖူဂျိုင်ယာအနီး ကမ်းလွန်တွင် ရေနံတင်သင်္ဘောလေးစင်းအား တိုက်ခိုက်ရန် အီရန်က ရေမြှုပ်မိုင်းများအား အသုံးပြုခဲ့သည်ဟု အမေရိကန်က စွပ်စွဲခဲ့သည်။ အီရန်ကမူ ထိုတိုက်ခိုက်မှုများတွင် ပါဝင်ခြင်း မရှိဟု ငြင်းဆန်ထားသည်။

ယင်းအချိန်တွင် အီရန်၌ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်တွေ့ဆုံနေသော အီရန်ဘာသာရေးခေါင်းဆောင် အယာတို လာအလီခါမေနီက အီရန်သည် နျူကလီးယားလက်နက်များအား ရရှိရန် ကြိုးပမ်းခြင်း မရှိကြောင်း၊ သို့သော် အီရန်က ယင်းကဲ့သို့ ရရှိရန် ကြိုးပမ်းလျှင် အမေရိကန်က မည်သည့်အရာကိုမျှ ဟန့်တားနိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့သည်။

အီရန်နှင့် အမေရိကန်အကြား တင်းမာမှု ပြေလျော့စေရန်အတွက် ကြိုးပမ်းရန် တီဟီရန်သို့ သွားရောက်ခဲ့သည့် အာဘေး နှင့် တွေ့ဆုံစဉ် ခါမေနီ၏ ထိုမှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ရာ ဂျပန်ဝန်ကြီးချုပ်၏ ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ဟု ယူဆရမည်ဖြစ်သည်။

ယခုနောက်ဆုံးတိုက်ခိုက်ခံရမှုအပြီးတွင် ရေနံစိမ်းစျေးနှုန်းသည် တစ်စည်လျှင် ၆၂ ဒေါ်လာကျော်အထိ မြင့်တက်သွားခဲ့ရာ ထိုဒေသသည် ကမ္ဘာလုံးဆိုင်ရာစွမ်းအင် ထောက်ပံ့မှုအတွက် အလွန်အမင်း အရေးပါနေဆဲဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ ကမ္ဘာ့ရေနံကုန်သွယ်မှုအားလုံး၏ သုံးပုံတစ်ပုံသည် ပါရှန်ပင်လယ်ကွေ့၏ ကျဉ်းမြောင်းသောအဝဖြစ်သည့် ထိုရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းနေခြင်းဖြစ်သည်။

တိုက်ခိုက်ခံခဲ့ရသည့် ထိုသင်္ဘောနှစ်စင်းအား အမေရိကန်ရေတပ်က ကူညီပေးနေကြောင်း အမှတ်-၅ ရေတပ်မှ တပ်မှူး ဂျိုရှာဖရေးက ပြောကြားခဲ့သော်လည်း သင်္ဘောများ တိုက်ခိုက်ခံခဲ့ရသည့်ပုံစံ သို့မဟုတ် တိုက်ခိုက်မှုနောက်ကွယ်တွင် ပါဝင်သည်ဟု သံသယရှိသူများကို မပြောကြားခဲ့ပေ။

မီးလောင်ခဲ့သောသင်္ဘောမှာ မာရှယ်အိုင်းစ်လန်းအလံလွှင့်ထူထားသော ရေနံတင်သင်္ဘော MT Front Altair  ဖြစ်ကြောင်း  ရေကြောင်းထောက်လှမ်းရေးကုမ္ပဏီ Dryad Global က ထုတ်ပြန်ခဲ့သည်။ သို့သော် ဒုတိယမြောက်သင်္ဘောနှင့် ပတ်သက်၍ ၎င်းက မထုတ်ပြန်ခဲ့ပေ။

Front Altair  သင်္ဘောပေါ်မှ သင်္ဘောသား ၂၁ ဦးအား အနီးရှိ Hyundai Dubia သင်္ဘောက ဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ရေနံတင် သင်္ဘောစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း သင်္ဘောပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒုတိယမြောက်သင်္ဘော Kokuka Courageous မှ သင်္ဘောသား ၂၃ ဦးအား ဘေးလွတ်ရာသို့ ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးသည် အသေးစားဒဏ်ရာရခဲ့ကြောင်း၊ ထိုသင်္ဘော၏ ကိုယ်ထည်သည် ထိခိုက်ပျက်စီးခဲ့ကြောင်း BSM သင်္ဘောစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုသင်္ဘောနှစ်စင်းမှ သင်္ဘောသား ၄၄ ဦးအား အီရန်တောင်ပိုင်း  Hormozgan ပြည်နယ်ရှိ ဆိပ်ကမ်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း အီရန်အစိုးရရုပ်သံက  ထုတ်ပြန်ခဲ့သည်။

ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနက ထိုသင်္ဘောနှစ်စင်းတွင် ဂျပန်နှင့်ဆက်နွှယ်သောကုန်များ တင်ဆောင်လာကြောင်း ထုတ်ပြန်ခဲ့သည်။ ဇွန် ၁၂ ရက်တွင် အီရန်သမ္မတနှင့် တွေ့ဆုံခဲ့ပြီးနောက် အာဘေးက   အီရန်-အမေရိကန်တင်းမာမှုမြင့်တက်နေစဉ် ဖြစ်ပေါ်နိုင်သော မည်သည့်မတော်တဆ ဖြစ်ရပ်ကိုမဆို ရှောင်လွှဲသင့်ကြောင်း သတိပေးခဲ့သည်။

Ref ; AFP


READ NEXT
Cancel OK