Top News

ရာဇဝတ်သားလွှဲပြောင်းရေးဥပဒေကြမ်းအတွက် ဟောင်ကောင်အစိုးရကို ဖိအားများမြင့်တက်လာ
24htopnews | October 11, 2024 8:12 PM CST

ရာဇဝတ်သားလွှဲပြောင်းရေး အငြင်းပွားဖွယ်ဥပဒေကြမ်းအား ဟောင်ကောင်တွင် ဆန့်ကျင်ဆန္ဒပြမှု၌ ရဲတပ်ဖွဲ့နှင့် အကြမ်းဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်အစိုးရသည် ဇွန် ၁၃ ရက်တွင် နိုင်ငံတကာ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။ ထိုဆန္ဒပြမှုများအား ဖြိုခွင်းရန် ရဲတပ်ဖွဲ့အသုံးပြုခဲ့သော နည်းလမ်းများသည် ဥပဒေနှင့်မညီဟု ယူဆရကြောင်း ထိပ်တန်းဥပဒေအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်ပြည်သူများအား တရုတ်၏ နိုင်ငံရေးဆန်သော တရားစီရင်ရေးစနစ်ထဲသို့ ကျေaရာက်စေရန် အန္တရာယ်ရှိနိုင်သည့် ထိုဥပဒေကြမ်းအား ဒေါသထွက်နေကြသော ဆန္ဒပြသူများသည် ဇွန် ၁၂ ရက်တွင် အဓိကလမ်းများအား ပိတ်ဆို့ပြီး လည်ပတ်မှုအား အလုံးစုံရပ်ဆိုင်းစေခဲ့သည်။ ထိုဆန္ဒပြသူများအား ဖြိုခွင်းရန်အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့များနှင့် ရော်ဘာကျည်များကို အသုံးပြုခဲ့သည်။

ဟောင်ကောင်ပြည်သူများ၏ စုဝေးဆန္ဒပြခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်စသည့် အခြေခံအခွင့်အရေးများအား လေးစားရမည်ဖြစ်ကြောင်း၊ ထိုဥပဒေကြမ်းသည် ဟောင်ကောင်နှင့် ၎င်း၏ပြည်သူများအတွက်သာမက ဥရောပသမဂ္ဂနှင့် ပြည်ပနိုင်ငံသားများအပြင် ဟောင်ကောင်တွင် စီးပွားရေးလုပ်ရန် ယုံကြည်မှုများကိုပါ ကျယ်ပြန့်သော နောက်ဆက်တွဲများ ကြုံရနိုင်သည့် အလားအလာရှိကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ဥရောပသမဂ္ဂသည် တာဝန်ယူမှုမရှိဘဲ မှားယွင်းသော မှတ်ချက်များကို ပြောကြားခဲ့ကြောင်း၊ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း သို့မဟုတ် တစ်ဦးချင်းစီက တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကျန်ရှုအန်က ဇွန် ၁၃ ရက်တွင် တုံ့ပြန်ခဲ့သည်။

အဆိုပြုဥပဒေကြမ်းသည် ၁၉၈၄ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သော ဗြိတိန်-တရုတ်ပူးတွဲကြေညာချက်အား မချိုးဖောက်ရန် အလွန်အရေးကြီးကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပါလီမန်တွင် ပြောကြားခဲ့သည်။  အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဟောင်ကောင်ပြည်သူများ၏ ဆန္ဒပြရသည့်အကြောင်းရင်းအား နားလည်ကြောင်း၊ ထိုကိစ္စအတွက် တရုတ်ရော ဟောင်ကောင်ကပါ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထိုဥပဒေကြမ်းအား ဆွေးနွေးမှုကို ဟောင်ကောင်ဥပဒေပြုကောင်စီက ဇွန် ၁၂ ရက်တွင် ဆိုင်းငံ့ခဲ့သည်။ ပေကျင်းလိုလားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်သည် ထိုဥပဒေကြမ်းအား ရုပ်သိမ်းရန် မည်သည့်အရိပ်အယောင်မျှ မပြခဲ့ဘဲ ထိုဆန္ဒပြမှုများသည် အကွက်ချစီစဉ်သော အဓိက ရုဏ်းလုပ်ရပ်များဟုလည်း ပြောကြားခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ဗြိတိန်က တရုတ်ထံ လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်၌ ဇွန် ၁၂ ရက်၌ အကြမ်းဖက်ဆန္ဒပြပဋိပက္ခများသည် အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်း ဖြစ်ခဲ့သည်။ ထိုပဋိပက္ခများအတွင်း လူ ၇၉ ဦး ဒဏ်ရာရခဲ့သည်။

ဇွန် ၁၃ ရက်တွင် ဆန္ဒပြသူအများစုက လာရောက်ခြင်းမရှိတော့သော်လည်း အာခံသည့် ရာဂဏန်းမျှရှိသော ဆန္ဒပြသူများသည် Central Park တွင် စုဝေးခဲ့ကြပြီး စောင့်ကြပ်နေသောရဲများအား အော်ဟစ်ရှုတ်ချခဲ့ကြသည်။ တက်ကြွလှုပ်ရှားသူများက လူမှုမီဒီယာနှင့် အွန်လိုင်းဂရုများတွင် ဆက်လက်ဝေဖန်ခဲ့ကြပြီး ဆန္ဒပြမှုများ ထပ်မံပြုလုပ်သွားရန်လည်း ကတိပြုခဲ့ကြသည်။

ရဲတပ်ဖွဲ့သည် ဥပဒေပြုအမတ်များ၊ ဂျာနယ်လစ်များနှင့် ဥပဒေပြုအဖွဲ့များအပါအဝင် သြဇာကြီးအဖွဲ့များစွာ၏ ဝေဖန်မှုရင်ဆိုင်နေရပြီး ဟောင်ကောင်ရှေ့နေများအဖွဲ့ကလည်း ရဲတပ်ဖွဲ့၏ အင်အားအလွန်အကျွံသုံးမှုကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်။                   Ref;  AFP


READ NEXT
Cancel OK