Top News

ငှက်ဆေးချမှုများကြောင့် စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းတွင် ဆောင်းခိုငှက်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရ
24htopnews | October 12, 2024 10:12 AM CST

စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းတွင် ငှက်ဆေးချမှုများကြောင့် ဆောင်းခိုငှက်များ သေကျေပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဇန်နဝါရီ ၂၂  ရက်တွင် စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

“ရေမျက်ကြီးအင်းမှာ ငှက်ဆေးချတာတွေကြောင့် ဆောင်းခိုငှက်တွေ သေနေတယ်လို့ မုန်ညို့ဒေသခံတစ်ဦးက သတင်းပေးတယ်။ ပေါ်တက်လို့ခေါ်တဲ့ဆေးကို ငါးလေးတွေရဲ့ ပါးစပ်ထဲထည့်ပြီး ငှက်ထောင်တာ။ ရေမျက်အင်းစောင်းကိုလာတဲ့ ငှက်ကြီးဝန်ပို၊ တောဘဲ၊ ဗျိုင်း၊ ဟင်္သာစတဲ့ ဆောင်းခိုငှက်တွေက ဆေးခပ်ထားတဲ့ ငါးလေးတွေကိုမျိုချတဲ့အခါ မပျံနိုင်ဘဲ ချက်ချင်းသေတာမျိုးတွေ ဖြစ်နေတာ။ ဒါမျိုးတွေကို မလုပ်ကြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ အကူအညီတောင်းပြီး တားမြစ်ပေးဖို့ ပြောထားပါတယ်။ ငှက်တွေကို ဆေးချဖမ်းဆီးရင် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေအရ  ထိထိရောက်ရောက် အရေးယူဖို့ ကြေညာထားပါတယ်။ ရေမျက်အင်းရဲ့ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပါတယ်” ဟုစစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ ၂၀ ရက်တွင် စစ်ကိုင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရေမျက်အင်းပတ်လည်ရှိ ရေမျက်၊ မုန်ညို့၊ ရေတွင်းကောင်း၊ စမွန်း၊ ကြခတ်၊ ခက်ခ၊ ပဒူ၊ ကန်ကြီးကုန်း စသည့်ကျေးရွာများတွင် ငှက်ဆေးမချရန် အသံချဲ့စက်ဖြင့် ညွှန်ကြားထားကာ ဆက်လက်ဆေးချဖမ်းဆီးမှုများ ပြုလုပ်လျှင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

“ရေမျက်အင်းကို ဆောင်းခိုငှက်ဝင်ရောက်မှုက တစ်နှစ်ထက်တစ်နှစ် နည်းနည်းလာတယ်။ လင်းတမမြင်ရတာ တော်တော်ကြာပြီ။ အင်းရဲ့ဂေဟစနစ် ပျက်ယွင်းလာမှုကြောင့် ဆောင်းခိုငှက် အဝင်နည်းလာတာ။ ငှက်ထောင်သမားတွေ ငှက်ဆေးချဖမ်းဆီးမှုတွေ လုပ်လာတာတယ်။ ဒါတွေကို ဖမ်းဆီးအရေးယူဖို့ လိုနေပါတယ်။ ဒီနှစ် ကြိုးကြာ၊ မယ်ညိုတွေပဲ အလာများတယ်” ဟု ပဒူကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းမြို့နယ် စာရေးကျေးရွာမြောက်ဘက်ရှိ ရေမျက်ကြီးအင်းသည် ရေချိုချောင်း ၁၁ ခု၊ ရေငန်ချောင်း ခုနစ်ခု စီးဝင်သော အင်းကြီးတစ်ခုဖြစ်ပြီး အင်းမူလ အင်းအလျား ငါးမိုင်၊ အနံ သုံးမိုင်၊ အင်းရေပြင်ဧက ၁၄၈၁၃ ဧကရှိပြီး ယခုအခါ အင်းရေပြင်ဧက ၆၀၀၀ ကျော်၊ ရေအနက် ခြောက်ပေခန့်သာရှိတော့ပြီး စိုက်ပျိုးမြေ ၂၉၉၇ ဧကရှိကာ ဆောင်းခိုငှက်များ လာရောက်လေ့ရှိသော အင်းကြီး တစ်ခုဖြစ်ကြောင်း သိရသည်။

ရေမျက်ကြီးအင်းပတ်ဝန်းကျင်ရှိ စာရေး၊ ရေမျက်၊ ပန်းချီ၊ ရွာသစ်၊ မုံမြို့၊ မုန်ညှင်းချောင်း၊ တအိမ်တည်း၊ ထန်းတော၊ ရေတွင်းကောင်း၊ ကျောက်ပနန်၊ ပဒူ၊ စမွန်း၊ ခက်ခ၊ ကန်ကြီးကုန်း၊ တောင်ရင်း စသည့်ရွာများမှ ဒေသခံအချို့သည် ယခင်က အင်းအတွင်း ဖမ်းယူစားသောက်ကာ ရေလုပ်ငန်းဖြင့် အသက်မွေးကျောင်းပြုခဲ့သော်လည်း ယခုအခါ အင်းအတွင်း ငါးမျိုးစိတ်များ ရှားပါးလာမှုကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူ မရှိသလောက် ရှားပါးလျက်ရှိသည်။

စစ်ကိုင်းမြို့နယ်တွင် ကောင်းမှုတော်အင်း၊ ရေမျက်ကြီးအင်း၊ ရေခါးအင်းများ တည်ရှိပြီး ရေမြေသဘာဝချင်းမတူညီကြောင်း သိရကာ ရေခါးအင်းတွင် စိမ်းပြာရေညှိ စပီရိုလိုင်းနားထုတ်လုပ်လျက်ရှိကြောင်း သိရသည်။                          

 


READ NEXT
Cancel OK