Top News

အဝေးသင်ငါးရက်နှစ်ကြိမ် ခွဲတက်ရမည့်စနစ်ကို ကန့်ကွက်ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုသောစာအား နိုင်ငံတော်သမ္မတရုံးအပါအဝင် ဌာနသုံးခုသို့ပေးပို့
24htopnews | October 12, 2024 10:12 AM CST

ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် လက်မှတ်ထိုး၍ အဝေးသင် ငါးရက်နှစ်ကြိမ် ခွဲတက်ရမည့် စနစ်အား ကန့်ကွက်ကြောင်းနှင့် ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် တောင်းဆိုကြောင်းစာအား နိုင်ငံတော်သမ္မတရုံး အပါအဝင် ဌာနသုံးခုအား ပေးပို့လိုက်ကြောင်း ဖဲကြိုးနီကျောင်းသားလှုပ်ရှားမှုကော်မတီမှ သိရသည်။

ပေးပို့လိုက်သည့်စာတွင် အဝေးသင်တက်ရောက်နေသောသူ အများစုသည် အလုပ်လုပ်ကိုင်နေသော ကျောင်သားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ပြောင်းလဲလိုက်သည့်စနစ်ကြောင့် ကျောင်းတက်ခွင့်အား အလုပ်ရှင်များမှ မကြည်ဖြူမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အဝေးသင်တက်ရောက်နေသူများအတွက် စားဝတ်နေ ရေးအခက်အခဲ ရင်ဆိုင်ရနိုင်ကြောင်း ပါရှိသည်။

ထို့ပြင် နှစ်ကြိမ်ခွဲတက်ရမည့်ပုံစံသည် ကျောင်းသားကျောင်းသူအများစုနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် စီးပွားရေးအတွက် ပညာရေးအားစွန့်လွှတ်မည့် ကျောင်းသားကျောင်းသူ များပြားလာနိုင်ခြင်းတို့ကြောင့် ပညာရေးဌာနတာဝန်ရှိသူများက အဝေးသင်ပညာရေးစနစ် တိုးတက်ကောင်းမွန်ရန်ဟုဆိုသော်လည်း ကျောင်းသားအများစုနှင့် ကိုက်ညီမှုမရှိသောစနစ်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ယင်းစနစ်အား ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်ဟု သမ္မတထံ ပေးပို့ထားသည့်စာတွင်ပါရှိသည်။

ကန့်ကွက်ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုစာအား ဇန်နဝါရီ ၂၂ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ပညာရေးဝန်ကြီးဌာနတို့အား ပေးပို့ထားကြောင်း သိရသည်။

ပြောင်းလဲလိုက်သည့်စနစ်အား ကန့်ကွက်ကြောင်း လက်မှတ်များအား အွန်လိုင်းမှတစ်ဆင့် ကောက်ခံထားပြီး လက်မှတ် ၁၀၀ ခန့်ရှိကြောင်း သိရသည်။

“အခုတစ်ခေါက်လည်း ကျောင်းသားထုတွေကို ကြိုပြီးတော့ အကြောင်းမကြားဘူး။ ကျောင်းသားတွေရဲ့ သဘောဆန္ဒ ဘယ်လိုရှိတယ်ဆိုတာကိုလည်း မေးမြန်းစုံစမ်းခြင်းမရှိဘူး။ ပြီးတော့ လက်ရှိပကတိအခြေအနေမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သေချာမသိဘဲ လုပ်လိုက်တယ်လို့ ကျွန်တော်တို့ကယူဆတယ်။ နောင်အခါ ပညာရေးဟာ နိုင်ငံရဲ့အရေးကြီးတဲ ့ကဏ္ဍဖြစ်တဲ့အတွက် ကျောင်းသားထုတွေ၊ ဆရာတွေ ပညာရေးနယ်ပယ်မှာရှိတဲ့ ကျောင်းသားတွေ၊ ဆရာတွေရဲ့အသံနဲ့ သူတို့ရဲ့ သဘောဆန္ဒတွေကို ထည့်သွင်းစဉ်းစားပေးဖို့ ပြောချင်ပါတယ်” ဟု ဖဲကြိုးနီ ကျောင်းသားလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုမင်းသွေးသစ်က ပြောကြားသည်။

အဝေးသင်ဝိဇ္ဇာဘာသာရပ် အထူးပြုသမားများသည် အနီးကပ် ၁၀ ရက်အစား မေလတွင် Orientation ငါးရက်နှင့် အောက်တိုဘာ၊ နိုဝင်ဘာလတွင် အနီးကပ် ငါးရက် တက်ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကြေညာထားသဖြင့် လုပ်ငန်းခွင်ဝင်နေသော ကျောင်းသူ ကျောင်းသားအချို့ အခက်အခဲဖြစ်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK