Top News

မြဝတီမြို့ရှိ ကျောက်လုံးကြီး ပြန်လည် ကြိုဆိုရေးစခန်း ပိတ်ထားသော်လည်း အထောက်အထားမဲ့ နေရပ်ပြန်လာသူ မြန်မာလုပ်သား နေ့စဉ် ၁၀၀ နီးပါးရှိ
24htopnews | October 12, 2024 10:12 AM CST

မြဝတီ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းအား ပိတ်ထားခဲ့သော်လည်း အထောက်အထားမဲ့ နေရပ်ပြန်လာသူ အလုပ်သမား နေ့စဉ် ၁၀၀ နီးပါးရှိရာ သောင်ရင်းကမ်းစပ်ရှိ ကိုးသုံးလုံးဂိတ်မှ ပြန်လည် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အထောက်အထားမဲ့ နေရပ်ပြန်လာသူ မြန်မာအလုပ်သမားများအား သောင်ရင်းမြစ်ကမ်းစပ်ရှိ ကိုးသုံးလုံးဂိတ်မှ မြဝတီမြို့သို့ ဝင်ရောက်စေခဲ့ရာ နေ့စဉ် ၅၀ နှင့် ၁၀၀ အကြား ဝင်ရောက်လျက်ရှိကြောင်း၊ ယင်းနေရပ်ပြန် လုပ်သားများအား လှေခအပြင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ မိမိသွားလိုရာ မြို့၊ ရွာများသို့ သွားရောက်နိုင်အောင် စီစဉ်ပေးထားကြောင်း အဆိုပါဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အဆိုပါ ကိုးသုံးလုံးဂိတ်တွင် ဆိုင်ကယ်ကယ်ရီ ဆွဲနေသူတစ်ဦး ဖြစ်သူ ကို...က “ဒီဂိတ်မှာ လာကြိုတဲ့သူတွေ ရှိရင်လည်း လိုက်သွားကြပါတယ်။ လာကြိုသူမရှိလို့ အဝေးပြေးကားဂိတ်ကို သွားမယ်ဆိုရင်တော့ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါတယ်။ ကယ်ရီခကိုတော့ ပုံမှန်ပဲ ယူပါတယ်”ဟု ပြောကြားသည်။

နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦးက “ထိုင်းနိုင်ငံမှာ မိဘတွေရဲ့ ရော်ဘာအစေး ခြစ်လုပ်တဲ့ လုပ်ငန်းခွင်မှာ အတူနေပါတယ်။ အလုပ်လည်း ဝင်လုပ်တယ်။ အထောက်အထား မရှိတော့ ဖမ်းဆီးခံရမှာကို စိုးရိမ်လာမိတယ်။ ဒါကြောင့် အထောက်အထားပြန်ပြီး လာလုပ်တာပါ”ဟု ပြောကြားသည်။

နေရပ်ပြန်လာသူများမှာ အထောက်အထား မပြည့်စုံ၍ ထိုင်းနိုင်ငံမှ ပြန်လာသူများရှိသလို အထောက်အထား ပြန်လည်ပြုလုပ်သူများလည်း ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံမှ အထောက်အထား မပြည့်စုံ၍ ပြန်လာသူများလည်း နှစ်ရက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ၏ အလုပ်ရှင်အလုပ်သမား ဥပဒေသစ်ကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လကတည်းက ပြန်လာခဲ့ကြခြင်းဖြစ်ပြီး နောင်လည်း နေရပ်မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာဦးမည် ဖြစ်ကြောင်း သိရသည်။                             


READ NEXT
Cancel OK