Top News

ကျိုက်မရောမြို့နယ် ပျားတောင်မှ ဘိလပ်မြေကုန်ကြမ်း ထုံးကျောက်ထုတ်ယူမှု ထက်ဝက်နီးပါး ရှိနေပြီး ရက်ဆက် ထုတ်ယူသဖြင့် မိုးလေ အကာအကွယ်ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေ 
24htopnews | October 12, 2024 10:12 AM CST

ကျိုက်မရောမြို့နယ်ရှိ ပျားတောင်မှ ဘိလပ်မြေကုန်ကြမ်း ထုံးကျောက်ယူနေမှု ထက်ဝက်နီးပါး ရှိနေပြီဖြစ်၍ ရက်ဆက် ထုတ်ယူနေသဖြင့် မိုးလေအကာအကွယ် ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။

“လေပဲကြောက်တယ်။ တခြားဘာမှ မကြောက်ဘူး။ လေတိုက်လာရင် တအားကြီးလေ။ လေတိုက်ရင် ဒီတောင်က ခံထားလို့ ကျွန်မတို့ တော်သေးတာပေါ့။ တကယ်လို့ ဒီတောင်မရှိရင် လေတအား ကြီးတယ်။ တစ်ခါတလေ သစ်ပင်တွေ လဲတယ်။ အိမ်တွေ ပြိုတယ်။ တောင်ဖြိုထားတာ စိတ်ထင်တာ တစ်ဝက် မကျသေးပါဘူး။ ဒီတောင်ရှိရင် မိုးလေလာရင် တောင်ကခံနေရင် ကျွန်မတို့အိမ် မပြိုဘူးပေါ့။ အဲဒီလိုမျိုးပေါ့”ဟု ပေါက်တောရွာနေ လယ်စိုက်တောင်သူတစ်ဦးက ပြောကြားသည်။

“မိုင်းခွဲသံက တစ်ခါတလေကျရင် ပြင်းတယ်။ အခုတစ်လောက နည်းလာတယ်။ ဟိုတစ်လောကဆို ဒီသွပ်တွေတောင် တော်တော် မြည်တယ်။ တုန်တယ်။ အဲဒီလောက်အထိ လုပ်တယ်”ဟု ကွမ်ငန်းရွာသား နိုင်မစ်က ပြောကြားသည်။

ပျားတောင်ပေါ် ထုံးကျောက်တူးဖော်မှုသည် စနေ၊ တနင်္ဂနွေ၊ ဥပုသ်နေ့တို့တွင် နားခြင်းမရှိဘဲ နေ့စဉ် နံနက် ၈ နာရီမှ ညနေအထိ တူးလေ့ရှိကြောင်း၊ တောင်အနီးအနား ကျေးရွာနေထိုင်သူများက ဆိုသည်။ ဘိလပ်မြေစက်ရုံသည် ကွမ်ငန်းကျေးရွာအနီး တည်ရှိပြီး တစ်နေ့ တန် ၅၀၀၀ ကျ ဘိလပ်မြေထုတ်ယူမှုအတွက် လိုအပ်သည့် ကုန်ကြမ်းကို ပျားတောင်မှ နေ့ညမိုင်းခွဲ ထုတ်ယူမှုကြောင့် ယင်းတောင် တောထွက် ဟင်းသီးဟင်းရွက်၊ သစ်ဝါး၊ ပရဆေးပင်များ ထုတ်ယူရန် မသွားဝံ့ခြင်း၊ မိုင်းခွဲ ဆူညံမှုဖြစ်ပေါ်ခြင်း၊ လေထု ညစ်ညမ်းကာ ပြာများကျပြီး သီးနှံများ အထွက်နည်းလာခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သောက်သုံးရေတွင် အမှုန်ပါဝင်မှု ရှိခဲ့ခြင်းနှင့် ကွမ်းငန်းတူးမြောင်းကို အရှည် လေးကီလိုမီတာ၊ အကျယ် ၂၀၀ မီတာခန့် တူးဖော်မှုကြောင့် လယ်မြေကို ပိုင်းသကဲ့သို့ဖြစ်ကာ သွားလာမှု အခက်ကြုံရခြင်း တို့ကို ပျားတောင်ဒေသ ထိခိုက်မှု ၁၈ လကြာ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျိုက်မရောမြို့နယ်ရှိ ပျားတောင်မှ ထုံးကျောက်ထုတ်ယူခွင့်ကို ပစိဖိတ်ဆက်ကြောင်း ဘိလပ်မြေထုတ်လုပ်မှုလီမိတက်က တူးဖော်ထုတ်ယူခွင့် ရရှိထားကြောင်း သိရသည်။          


READ NEXT
Cancel OK