Top News

အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်
24htopnews | October 12, 2024 10:12 AM CST

အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“အီကွေတာအနီးမှာ ဖြစ်နေတဲ့အတွက်ကြောင့် အချို့ခန့်မှန်းချက်တွေက အားပျော့သွားတယ်။ အချို့ခန့်မှန်းချက်တွေက အားကောင်းလာပြီးတော့မှ သီရိလင်္ကာဘက်ကိုသွားတယ်လို့ ခန့်မှန်းထားတယ်။ နည်းနည်းပြောဖို့ စောသေးတယ်။  များသောအားဖြင့် အီကွေတာအနီးမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေက အားပျော့ ပျက်ပြယ်သွားတာများတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာမည့် တိမ်တိုက်များကြောင့် တစ်ပတ်အတွင်း မိုးရနိုင်ကြောင်း၊ တစ်ရက်၊ နှစ်ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသများတွင် မိုးရရှိနိုင်ပြီး လေး၊ ငါးရက်ခန့် အကြာတွင် လေဖိအားနည်းရပ်ဝန်းသည် အထက်ကို ဆက်လက်ရွေ့လျားပါက မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်ပါ မိုးရွာနိုင်ကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇန်နဝါရီ ၂၁ ရက်ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကြောင်း၊ ညအပူချိန်များအနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး  မွန်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း၊ ထူးခြားသည့်ညအပူချိန်များသည် ဟားခါးမြို့တွင် သုညဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့နှင့် ရမ်ကလောင်းတို့တွင် နှစ်ဒီဂရီစင်တီဂရိတ်စီ၊ ပူတာအိုမြို့နှင့် သီပေါမြို့တို့တွင် သုံးဒီဂရီစင်တီဂရိတ်စီနှင့် နောင်ချိုမြို့၊ ပင်လောင်း မြို့၊ လွိုင်လင်မြို့၊ တီးတိန်မြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် ငါးဒီဂရီစင်တီဂရိတ်စီဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး  ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK