ဒီမိုကရေစီဆိုသည်မှာ အကြီးအငယ်မရွေး၊ အယုတ်အညံ့မရွေး အားလုံးအတူတူပါဝင်နိုင်သည့် အခွင့်အရေးရှိသည်ကို ကလေးများစိတ်ထဲတွင် စွဲသွားစေရန်လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၁ ရက်တွင် ချင်းပြည်နယ်တီးတိန်မြို့ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
ချင်းပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဒေါက်တာအောင်သူ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၁ ရက် နံနက်တွင် ဟားခါးမြို့ ရှုခင်းသာရှိ ချင်းရိုးရာမုခ်ဦးနှင့် မျှော်စင်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ရဟတ်ယာဉ်ဖြင့် ဖလမ်းမြို့သို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် တီးတိန်မြို့သို့ ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ကျင်းပသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စွန့်စားရဲသူ အောင်နိုင်မှုရတယ်ဆိုသည့် ဆိုင်းဘုတ်ကြီးများ ရေးထားသည်ကို တွေ့ရပါကြောင်း၊ ယင်းသည် ချင်းတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ တောင်တန်းများပေါ်တွင် နေနိုင်ဖို့ဆိုသည်မှာ စွန့်စားမှုစိတ်ဓာတ်နှင့် ပြည့်ဝမှသာ နေနိုင်မည်ဖြစ်ပါကြောင်း၊ ရာသီဥတုကြမ်းတမ်းပြီး ပထဝီအနေအထားသည် အခြားနေရာများထက် သွားရလာရသည်မှာ စိန်ခေါ်မှုများစွာရှိသည်ကို မြင်ရပါကြောင်း၊ များစွာသော စိန်ခေါ်မှုများနှင့် နေနိုင်သည်ဆိုခြင်းကို မိမိတို့သိရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ချင်းပြည်နယ်ကို အထူးဂရုထားပြီး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်ပေးရန် အမြဲအစီအစဉ်ရှိပါကြောင်း၊ တီးတိန်မြို့နယ်မှ တင်ပြထားသည့် ကိစ္စရပ်နှစ်ခုတွင် တစ်ခုမှာ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ကို စုစည်း၍ တီးတိန်မြို့ကို ခရိုင်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းပေးနိုင်ရေးဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် ကိစ္စများစွာရှိပါကြောင်း၊ လုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် သွားရမည်ဖြစ်သည့်အတွက် အချိန်ယူပြီး လုပ်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တီးတိန်မြို့ပေါ်တွင် မဟာဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန်ဖြစ်ပြီး ဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြီးအောင်လုပ်ဆောင်ပေးရန် လျာထားသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ နောက်ဆုံးတစ်ခုမှာ ပညာရေးနှင့် ဆိုင်ပါကြောင်း၊ တီးတိန်မြို့တွင် အစိုးရနည်းပညာ အထက်တန်းကျောင်းအပြင် အစိုးရ စက်မှုလက်မှုသိပ္ပံ GTI ထပ်မံဖွင့်လှစ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အစိုးရနည်းပညာအထက်တန်း တစ်ကျောင်းရှိပြီး ပလက်ဝတွင် အစိုးရနည်းပညာအထက်တန်းကျောင်း တစ်ကျောင်း ထပ်မံဖွင့်လှစ်မည်ဖြစ်သည့်အတွက် တီးတိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ရန် အချိန်အနည်းငယ် စောင့်ပေးစေလိုပါကြောင်း နိုင်ငံတော်၏ အတိုုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယခင်က ချင်းပြည်နယ်ဘက်သို့ စည်းရုံးရေး ခရီးလာရောက်ချိန် မိမိ၏ ဟောပြောပွဲများတွင် ကလေးများသည် ရှေ့ဆုံးကနေ၍ နားထောင်ကြပါကြောင်း၊ ကလေးများသည် မိမိတို့၏ အနာဂတ်ဖြစ်သည့်အတွက် ယခုလို ဆွေးနွေးပွဲများတွင် ပါဝင်သင့်ပါကြောင်း၊ ကလေးများသည် လုံးဝနားမလည်ဘူး ဆိုသော်လည်း ဆွေးနွေးပွဲများသည် လူတိုင်းနှင့် သက်ဆိုင်ပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ အကြီးအငယ်မရွေး၊ အယုတ်အညံ့မရွေး အားလုံးအတူတူပါဝင်နိုင်သည့် အခွင့်အရေးရှိသည်ကို ငယ်ငယ်ကတည်းက စိတ်ထဲတွင် စွဲသွားစေရန်ဖြစ်ပါကြောင်း၊ ထို့ပြင် စည်းကမ်းသေဝပ်မှုကို အားပေးရာ ရောက်ပါကြောင်း၊ ဆွေးနွေးပွဲများတွင် ပါဝင်မည်ဆိုပါက စည်းနှင့်ကမ်းနှင့် ငြိမ်ငြိမ်သက်သက်နေရသည်ကို ကလေးများသည် ငယ်ငယ်ကတည်းက စိတ်ထဲတွင်စွဲသွားပါက တစ်သက်လုံး စည်းကမ်းရှိမှုကို စိတ်ချရမည်ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
