Top News

အောင်လံ-သရက် မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်း၌ တင်သွင်းသည့်ပစ္စည်းအချို့ အရည်အသွေးနိမ့်ကျမှုများ ရှိနေကြောင်း ဝေဖန်မှုများရှိပြီး တံတားတည်ဆောက်ရေး တာဝန်ရှိသူများအနေဖြင့် ဒေသခံများအား ရှင်းလင်းပေးရန် တောင်းဆိုထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
24htopnews | October 12, 2024 10:12 AM CST

အောင်လံ-သရက် ဧရာဝတီ မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်း၌ တင်သွင်းနေသည့် ကျောက်စရစ်နှင့် သစ်များ အရည်အသွေး နိမ့်ကျနေမှုများ ရှိနေကြောင်း ဒေသခံများ ဝေဖန်နေကြပြီး တံတားတည်ဆောက်ရေး တာဝန်ရှိသူများအနေဖြင့် အဆိုပါ ပြဿနာအား ဒေသခံများကို ရှင်းလင်းပေးရန် တောင်းဆိုထားကြောင်း အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် တည်ဆောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေသည့် အောင်လံ-သရက် မြစ်ကူးတံတားစီမံကိန်းအတွက် တင်သွင်းနေသည့် ကျောက်စရစ်များမှာ အရည်အသွေးနိမ့်ကျမှုများ ရှိနေကြောင်း ဒေသခံများ ဝေဖန်နေကြ၍ တာဝန်ရှိသူများအနေဖြင့် ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းမှုများ ပြုလုပ်ပေးရန် ပြောကြားထားကြောင်း အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေကတော့ သူတို့အမြင်နဲ့ သူတို့ပြောကြတာပေါ့။ ဒီကိစ္စက တင်ဒါအောင်ပြီးရင် တင်ဒါမှာ စည်းမျဉ်းစည်းကမ်းတွေ ရှိပါလိမ့်မယ်။ နောက်ပြီးပစ္စည်းတွေကိုလည်း အရည်အသွေးစံနှုန်းတွေထားပြီး အသုံးပြုရတာလို့သိရပါတယ်။ စံနှုန်းမမီရင် လက်ခံအသုံးပြုလို့မရဘူးလို့ တံတားအဖွဲ့ကပြောပါတယ်။ သူတို့မှာစည်းမျဉ်းတွေ ရှိပါတယ်။ လတ်တလောမှာတော့ တံတားမှာ အသုံးပြုနေတဲ့ ကျောက်စရစ်နဲ့ပတ်သက်ပြီး လူထုကြားမှာဝေဖန်မှုတွေ ရှိနေတယ်ပေါ့။ ဒါကြောင့် လူထုကိုဒါနဲ့ပတ်သက်ပြီး ဘယ်လိုလက်ခံ လုပ်ဆောင်နေတယ်ဆိုတာကို ရှင်းလင်းပွဲလေးလုပ်ပေးဖို့ သူတို့ကိုပြောထားပါတယ်။ သူတို့ဘက်ကလည်း အထက်လူကြီးတွေနဲ့တိုင်ပင်ပြီး စုံစုံလင်လင်ရှင်း လင်းပွဲလုပ်ဖို့ ဆောင်ရွက်မယ်လို့ ပြောပါတယ်” ဟု ဦးအောင်ထူးမြင့်က ဆိုသည်။

အလားတူ သရက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်က”လုပ်ငန်းက သရက်ဘက်မှာ စလုပ်နေပြီဆိုတော့ ကျွန်တော်တို့ သွားကြည့်ဖြစ်ပါတယ်။ အခု လူပြောများနေတဲ့အတိုင်း ကျောက်စရစ်တွေက ဆန်းကွဲအာလူး ကျောက်စရစ်တွေ တွေ့ခဲ့ရပါတယ်။ ဒါတွေတင်ဒါအောင်တုန်းကလည်း ကာလပေါက်စျေးထက် နိမ့်တဲ့စျေးနဲ့ တင်ဒါအောင်ထားတာပေါ့။ တင်ဒါဆိုတာကတော့ အပြိုင်အဆိုင်ဆိုတော့ ဒီလိုမျိုးတွေတော့ ရှိပါတယ်။ နောက်ပြီး သစ်တွေမှာလည်း အရည်အသွေးမမီတာတွေ တွေ့ခဲ့ရတယ်။ တစ်ခါသစ်လာပို့တာ ဒီဒူးလက်ပံသားတွေပါလာလို့ ကျွန်တော်တို့ ပြန်လဲပေးဖို့ ပြောခဲ့ရတာမျိုးတွေရှိပါတယ်” ဟု ပြောကြားသည်။

အောင်လံ-သရက် ဧရာဝတီ မြစ်ကူးတံတားအား ယခုဘတ်ဂျက်နှစ်တွင် ကျပ် သန်း ၃၀၀၀ ချထားပေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို စတင်ပြင်ဆင် လုပ်ကိုင်လျက်ရှိပြီး အဆိုပါမြစ်ကူးတံတားသည် ကျပ်သန်းပေါင်း ၇၀၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်သွားမည်ဖြစ်ပြီး တံတား၏ အရှည်မှာမီတာ၂၃၀၀ အထိ ရှိမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

 


READ NEXT
Cancel OK