Top News

ပါတီဝင်များအား အဂတိအကြောင်းတရားနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ရာတွင် ငွေကြေးရယူမှ အရေးယူခြင်းမျိုး မဟုတ်ဘဲ လုပ်ထုံးလုပ်နည်း လွဲချော်မှုများရှိပါကလည်း အရေးယူဆောင်ရွက်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | October 12, 2024 10:12 AM CST

ပါတီဝင်များအား အဂတိအကြောင်းတရားနှင့် ပတ်သက်၍ အရေးယူရာတွင် ငွေကြေးရယူမှ အရေးယူခြင်းမျိုး မဟုတ်ဘဲ လုပ်ထုံးလုပ်နည်း လွဲချော်မှုများ ရှိပါကလည်း အရေးယူကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးတွင် ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်သည့် အစိုးရ ၊ လွှတ်တော်နှင့် ပါတီဝင်များ ပါဝင်သည့် အစည်းအဝေးအပြီးတွင် မီဒီယာများမှ မေးမြန်းရာတွင် ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပါတီရဲ့ အဂတိဆိုင်ရာ မူဝါဒကို ပြောချင်ပါတယ်။ ကျွန်တော်တို့က ဒီအဂတိလိုက်စားနိုင်တဲ့အမှုကို ရှိပြီဆိုရင် ကျွန်တော်တို့က ကြိုအရေးယူတာပါ။ ငွေတောင်းမှတောင် မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ လွဲချော်သွားပြီဆိုရင် ကျွန်တော်တို့ ပါတီက အရင်ဆုံး စပြီး အရေးယူလေ့ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ပါတီရဲ့ပုံရိပ် အကျဆင်းမခံနိုင်တဲ့အတွက် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သဘောထားတာပါ။ အဲဒီတော့ အဂတိကျတော့ သူ့ရဲ့ သတ်မှတ်ထားတဲ့ဘောင်တွေ ရှိပါတယ်၊ ဘယ်အချက်အလက် ပြည့်စုံရမယ်။ အဲဒီတော့ အဂတိက သုံးသပ်မှုနဲ့ ကျွန်တော်တို့ သုံးသပ်မှု ကွာခြားနေပါတယ်”ဟု ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

ပါတီတွင် စည်းကမ်းများနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်း၊ ယင်းသို့လုပ်ခြင်းမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ အရေးယူမှုများကို အဆင့်ဆင့် လုပ်ဆောင်နေပြီး အရေးယူခံရသူအနေဖြင့် နစ်နာသည်ဟု ယူဆပါက တရားဥပဒေကြောင်းအရဖြစ်စေ တိုင်ကြားပိုင်ခွင့်ရှိကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကိုယ့်ပါတီဝင်တွေရဲ့ လုပ်ရပ်တွေကို အမြဲစောင့်ကြည့်ပြီးတော့ ထိန်းကြပ်နေပါတယ်။ အကယ်၍ လွဲချော်မှုရှိရင်တော့ သူ့ရဲ့ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ပါတီစည်းကမ်း အဆင့်ဆင့် နှုတ်နဲ့ ခေါ်ယူသတိပေးတာ ဒီကိစ္စက မှားပါတယ်လို့ သူ့ဘာသာ ဝန်ခံကတိထိုးတာ ၊ နောက် ပါတီတာဝန်ကို အကန့်အသတ်နဲ့ ရပ်ဆိုင်းတာ၊ နောက် ပါတီဝင်အဖြစ်က ရပ်ဆိုင်းတာ အဆင့်ဆင့်ရှိပါတယ်။ ကျွန်တော်တို့ ဒီတိုင်း အရေးယူနေတာပါ။ ကျွန်တော်တို့ကတော့ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန ဆိုပြီးတော့ သီးခြားကို လုပ်နေပါတယ်။ ဒါတွေကလည်း ပိတ်ရက် နားရက်မရှိကို လုပ်နေတာပါ။ ကျွန်တော်တို့ ကျန်တဲ့ အလုပ်အမှုဆောင်တွေ ပါတီဝင်တွေအတွက်လည်း စည်းကမ်းထိန်းသိမ်းရေး ဆိုပြီး သီးခြားလုပ်နေပါတယ်။ ဒီကြားထဲမှာမှ နစ်နာတယ်လို့ ထင်ရင် ထင်တဲ့သူတွေဟာ တရားဥပဒေ အကြောင်းအရ ဖြစ်စေ၊ ကျန်တဲ့ သမ္မတကြီးကို ဖြစ်စေ သူတို့က အားလုံးကို တိုင်ကြားခွင့် ရှိပါတယ်ခင်ဗျ။ အဲဒီဌာန အသီးသီးကလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးတယ် ပေါ်ပေါက်ချက်အရ အရေးယူတာပါ တစ်ပြိုင်တည်း လုပ်နေတာပါ ခင်ဗျ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌအား အရေးယူခဲ့မှုနှင့် စပ်လျဉ်း၍ ဒေါက်တာမျိုးညွန့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်အား ကျေးရွာမီးလင်းရေးအတွက် ကျပ်သိန်းတစ်ရာအား အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟုဆိုကာ ဒေသခံများမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ပြီး ကော်မတီမှ စစ်ဆေးခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် မငြိစွန်းဟုဆိုကာ ကော်မရှင်မှ တိုင်းဒေသကြီး လွှတ်တော်ကသာ အရေးယူဆောင်ရွက်ရန် ပြန်လည်စာပို့ခဲ့သော်လည်း ပါတီအနေဖြင့် တစ်စုံတစ်ရာ အရေးယူခဲ့ခြင်းမရှိခဲ့ဘဲ လွှတ်တော်ကလည်း ခေါ်ယူသတိပေးမှုသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။        


READ NEXT
Cancel OK