Top News

မြစ်ဆုံရေကာတာ စီမံကိန်း ရာသက်ပန် ရပ်ဆိုင်းနိုင်ရေး ပြည်သူလူထုနှင့်အတူ တောင်းဆိုကြောင်း မြန်မာအစိမ်းရောင်ကွန်ရက်က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည်။
24htopnews | October 12, 2024 10:12 AM CST

မြစ်ဆုံ ရေကာတာစီမံကိန်း ရာသက်ပန် ရပ်ဆိုင်းနိုင်ရေး ပြည်သူလူထုနှင့်အတူ တောင်းဆိုကြောင်း မြန်မာအစိမ်းရောင်ကွန်ရက် ထုတ်ပြန်ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၁၀ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြစ်ကြီးနားမြို့ရှိ ဘာသာရေးခေါင်းဆောင် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်များသည် မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပွဲအပြီးတွင် မြစ်ဆုံနှင့် ပတ်သက်သော စိုးရိမ်ဖွယ်ရာ သတင်းများ ထွက်ပေါ်လာကြောင်း၊ ထိုအချိန်တွင် တရုတ်သံရုံးကလည်း သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာပြည်သူများအကြား စိုးရိမ်စိတ်များ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် သဘာဝပတ်ဝန်းကျင် လူမှုဘဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ ရိုးရာ အမွေအနှစ်၊ တိုင်းပြည်၏ သမိုင်းပုံရိပ်၊ အမျိုးသားလက္ခဏာ၊ အချုပ်အခြာအာဏာ စသဖြင့် မည်သည့် ရှု့ထောင်မှကြည့်ကြည့်  ထိခိုက်ပျက်စီးနိုင်ခြေ များလွန်းသဖြင့် လက်မခံသင့်သော စီမံကိန်းဖြစ်ကြောင်း၊ ယင်းထိခိုက်နိုင်ခြေများကိုလည်း မြန်မာ့အစိမ်းရောင်ကွန်ရက် အပါအဝင် နယ်ပယ်အသီးသီးမှ ပညာရှင်များက အထောက်အထား ခိုင်ခိုင်မာမာဖြင့် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာအစိမ်းရောင်ကွန်ရက်သည် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်း က အလွှာပေါင်းစုံ ပြည်သူများနှင့်အတူ လက်တွဲပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို သဘောမတူကြောင်း နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့ပြီး ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ခဲ့သည်ကို သိရှိခဲ့ရကြောင်း၊ ထို့အတွက်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်သူများ၏ သဘောဆန္ဒကို လိုက်လျောပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို ယာယီရပ်ဆိုင်းပေးခဲ့ကြောင်း၊ ထိုမျှမက မြန်မာ့အစိမ်းရောင် ကွန်ရက်သည် နိုင်ငံတော်သမ္မတများ ဖြစ်သည့် ဦးထင်ကျော်၊ ဦးဝင်းမြင့် လက်ထက်တွင်လည်း မြစ်ဆုံရေကာတာ စီမံကိန်း ရာသက်ပန် ရပ်ဆိုင်းပေးရေးအတွက် ပြည်သူအများစုနှင့်အတူ ဆက်လက် တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေသည့် NLD အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီကတည်းက မြစ်ဆုံရေကာတာကို မလုပ်သင့် ဟူသော သဘောထားရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဦးသိန်းစိန် အစိုးရထံသို့ ဧရာဝတီအတွက် ပန်ကြားလွှာကို ရေးသားပေးပို့ပြီး ဧရာဝတီအတွက် ပြည်သူနှင့်အတူ ရပ်တည်ပေးခဲ့ကြောင်း၊ ယခုလက်ရှိ NLD ပါတီ အကြီးအကဲများက မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူနှင့် တစ်သဘောတည်းဖြစ်အောင် ရပ်တည်ထားသည်မှာ ယခုထက်ထိ ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့အနေဖြင့်လည်း မြစ်ဆုံရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ သဘောဆန္ဒအတိုင်း လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ စီမံကိန်းနှင့် ပတ်သက်၍ အထူးတာဝန်ရှိသူများနှင့် တွေ့ဆုံကာ အသေးစိတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းသင့်ကြောင်း၊ မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာပြည်သူအများစု၏ သဘောထားဆန္ဒများသည်လည်း ယခင်အတိုင်း မပြောင်းလဲဘဲ တည်ရှိနေကြသည့်အတွက် စီမံကိန်း ရာသက်ပန် ရပ်ဆိုင်းနိုင်ရေးကို မြန်မာ့အစိမ်းရာင်ကွန်ရက်သည် ပြည်သူလူထုနှင့်အတူ တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။          


READ NEXT
Cancel OK