Top News

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာများမှ ယာယီထွက်ပြေး တိမ်းရှောင်ကြသူများအနက် တိုက်ပွဲရှောင်အချို့ ဆိုးရွားသည့် အခက်အခဲကို ရင်ဆိုင်နေရကြောင်း ကူညီထောက်ပံ့ရေး သွားရောက်သူများ ပြောကြား
24htopnews | October 12, 2024 10:12 AM CST

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာများမှ ယာယီထွက်ပြေး တိမ်းရှောင်ကြသူများအနက် တချို့သော တိုက်ပွဲရှောင်များအနေဖြင့် ဆိုးရွားသည့်အခက်အခဲကို ရင်ဆိုင်နေရကြောင်း ကူညီထောက်ပံ့ရေး သွားရောက်သူများက ဆိုသည်။

လက်ရှိတွင်တိုက်ပွဲများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး နေရပ်စွန့်ခွာသူများလည်း ဆက်လက်ရှိနေဆဲဖြစ်ရာ တိုက်ပွဲရှောင်ဦးရေ ၅၂၀၀ ခန့် ရှိလာခဲ့ပြီဖြစ်ကြောင်းနှင့် ယင်းတို့အနက် တချို့သောကျေးရွာများသို့ ရောက်ရှိနေသူများအနေဖြင့် အကူအညီအထောက်အပံ့များ ရရှိနေကြသော်လည်း သွားရောက်ရန် ခက်ခဲသောနေရာများသို့ ရောက်ရှိနေကြသူများအတွက် ကူညီထောက်ပံ့မှုအားနည်းကာ စားသောက်ရေး အခက်အခဲများကိုလည်း ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း ကူညီထောက်ပံ့ရေး သွားရောက်ကြသူများက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက “တိုက်ပွဲရှောင်တွေကိစ္စကို ပြောရရင် ICRC ရဲ့ထုတ်ပြန်ချက်မှာတော့ လုံလောက်မှုရှိတယ်လို့ ဖော်ပြထားတာ တကယ်တော့ အလုံးစုံတော့ မမှန်ဘူးလို့ပြောချင်တယ်။ ၀ါးတောင်စခန်းမှာဆိုရင် တစ်လစာဆန်ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ အရမ်းခက်ခဲတဲ့နေရာမျိုးတွေ တွေ့ခဲ့ရတယ်။ သင်ပုန်းတန်းတို့၊ ဖားကြွယ်တို့မှာဆိုရင် အခက်အခဲရှိတယ်။ ရသေ့တောင်မြို့နယ်မှာဆိုရင် ပဲသဒူစခန်းနဲ့ဆင်ခုံးတိုင်ပေါ့။ ဘူးသီးတောင်မြို့နယ်မှာဆိုရင် စံဂိုးတောင်၊ ဒုံးသိမ်စတဲ့ နေရာတွေမှာ အခက်အခဲတွေရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် အလှူရှင်တွေက သွားလာရလွယ်ကူပြီး နီးစပ်တဲ့နေရာတွေကိုသာ သွားကြတာများတယ်။ ဒါကြောင့်ပေါ့၊ ဆင်ခုံးတိုင်ဆိုရင် ကားတစ်တန်၊ လှေတစ်တန်အပြင် ခြေကျင်လျှောက်ရသေးတယ်၊ ပြောရရင် ဝေးတဲ့နေရာတွေမှာတော့ ပိုမိုလိုအပ်နေဆဲပါပဲ” ဟု ပြောကြားသည်။

အလားတူစွာပင် နေထိုင်ရသည့် အနေအထားများသည် လိုအပ်ချက်များရှိနေကြောင်း၊ ပဲသဒူစခန်းသည် နေပူပြင်ကြီးထဲတွင် တဲထိုးပြီးနေရာသည့်အတွက် အရိပ်မရှိသော ဒုက္ခသည်စခန်းဖြစ်ကြောင်း၊ မြေကြီးပေါ်တွင် အခင်းခင်းပြီး နေရဆဲဖြစ်ကြောင်း၊ ရာသီဥတုအခြေအနေအရ စိုးရိမ်စရာရှိကြောင်း၊ ထို့ပြင် တချို့သော တိုက်ပွဲရှောင် ဒုက္ခသည်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးသည်ကို တွေ့ရသော်လည်း တချို့နေရာများတွင် လုံးဝမရောက်ရှိသည်များရှိကြောင်း၊ ပဲသဒူတွင် ကျန်းမာရေး စောင့်ရှောက်မှုမပေးနိုင်သည်ကို တွေ့ရကြောင်း ဦးခိုင်ကောင်းစံက ပြောကြားသည်။

“ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သေးတဲ့ တိုက်ပွဲရှောင်စခန်းတွေ ရှိသေးသလို ပညာရေးအပိုင်းမှာက ကျောင်းပေါင်း ၃၀ လောက်ကို ဒီနေ့အထိ ပိတ်ထားရဆဲဖြစ်ပါတယ်။ တချို့ကလေးတွေကတော့ ပညာမသင်ကြားနိုင်သေးဘူး။ တချို့တိုက်ပွဲရှောင်တွေက စာသင်ကျောင်းတွေမှာနေရတော့ ကျောင်းပိတ်ထား ရတာမျိုးလည်းရှိတယ်ပေါ့။ နောက်ပြီး တိုက်ပွဲဖြစ်နေဆဲလို့လည်း ရွာသားတွေက ပြောတော့ အနီးအနားမှာရှိနေတဲ့ စာသင်ကျောင်းတွေက ပိတ်ထားကြတယ်။ ဒါလေး စိုးရိမ်စရာရှိတယ်။ မကြာခင် စာမေးပွဲစစ်တော့မယ်ဆိုတော့ စိုးရိမ်စရာပါ။ အခုဆိုရင် ကျေးရွာပေါင်း ၃၀ ကျော်လောက်က ထွက်ပြေးနေကြရသလို သလူချောင်းဖျားပိုင်းမှာဆိုရင် ပိတ်မိနေတဲ့ရွာတွေလည်း ရှိတယ်ပေါ့။ သူတို့လည်း ရိက္ခာအတွက်အခက်အခဲတွေ ဖြစ်နေကြရတယ်။ အဲဒီမှာလည်းစာသင်ကျောင်းတွေ ပိတ်ထားရတယ်။ သလူချောင်းရွာမှာ တိုက်ပွဲရှောင်စခန်းမဖွင့်ထားပေမယ့် တိမ်းရှောင်ရောက်ရှိလာသူတွေ အများအပြားရှိနေတယ်လို့ သိရတယ်။ စားသောက်ရေးအခက်အခဲ ရှိတယ်လို့လည်းသိရတယ်” ဟု ဦးခိုင်ကောင်းစံက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားသည့်ဒေသအနီးအနား ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်စားသောက်နေကြသော တိုင်းရင်းသားမျိုးနွယ်စုများသည့် အထူးသဖြင့် တောတောင်များကို မှီခိုပြီး သစ်ခုတ်၊ ၀ါးခုတ်လုပ်ငန်းများအပြင် တောတောင်ထဲမှ အသီးအရွက်၊ မြောက်ဥများကို တူးဖော်ရောင်းချ စားသောက်နေကြရသူများဖြစ်သဖြင့် ဆင်းရဲကျပ်တည်းကြသူများဖြစ်ရာ တောတောင်များသို့ သွားရောက်ခွင့်မရသည့်အတွက် စားသောက်ရန် အခက်အခဲများရှိနေကြောင်း ဦးခိုင်ကောင်းစံက ပြောကြားသည်။

“တကယ်လို့ တိုက်ပွဲသာ ရေရှည်ဖြစ်လာမယ်ဆိုရင် အစိုးရက တာဝန်ယူမှုတာဝန်ခံမှုတွေ ရှိဖို့လိုတာပေါ့။ ရှောင်ပြေးလာသူတွေပဲ ဖြစ်ဖြစ်၊ မရှောင်သူတွေပဲဖြစ်ဖြစ် သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို အစိုးရတာဝန်ယူဖို့လိုတယ်ပေါ့။ အစိုးရမှာ ငွေကြေးအခက်အခဲ ရှိကောင်းရှိနိုင်ပေမယ့် အဆင်ပြေအောင်အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီကို ယူဖို့လိုတယ်။ လက်ရှိမှာ အစိုးရက ကူညီတယ်ဆိုတာကြားသိရပေမယ့် အစိုးရရဲ့ကူညီပံ့ပိုးမှုက အားနည်းဆိုတာကို တွေ့ရတယ်” ဟု ဦးခိုင်ကောင်းစံက ဆိုသည်။

 


READ NEXT
Cancel OK