
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း၏ မြို့ပြလုပ်ငန်းများ အားလုံးပြီးစီးပြီဖြစ်ပြီး ဂျပန်နိုင်ငံ အိုဒီအေ ချေးငွေဖြင့်ဆောင်ရွက်မည့် အချက်ပြစနစ် တပ်ဆင်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းအား ရန်ကုန်မြို့၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြား၍ အဆင့်မြှင့်တင်မှုပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြို့ပြလုပ်ငန်းစီမံကိန်းများအားလုံး ပြီးစီးပြီဖြစ်ကာ အချက်ပြစနစ် တပ်ဆင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ စီမံကိန်းများအားလုံးမှာ လာမည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပြီးစီးနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
“ ရန်ကုန်မြို့ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီး နှစ်ပိုင်းခွဲခြားလုပ်နေတဲ့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ အရှေ့ခြမ်းအပိုင်းက ရေကူး-ပုစွန် တောင်လမ်းပိုင်းက အနည်းငယ်နဲ့ ကြည့်မြင်တိုင်-ရန်ကုန်လမ်းပိုင်းကြား ရေမြောင်းတွေ ပြုပြင်ဖို့ပဲ ကျန်ပါတော့တယ်။ ပြီးတာနဲ့ အချက်ပြစနစ် တပ်ဆင်ခြင်းလုပ်ငန်းတွေ စတင်တော့မှာပါ” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ပြီးစီးပါက မြို့ပတ်ရထားတစ်စင်းနှင့် တစ်စင်း ၁၀ မိနစ်မှ ၁၂ မိနစ်ခြားစီ ပြေးဆွဲမည်ဖြစ်ပြီး မြို့တစ်ပတ်ကြာချိန်အား လျှော့ချနိုင်မည်ဖြစ်ကာ ရထားစီးခရီးသည် နှစ်သိန်းလေးသောင်းခန့်အား သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
ယခုဆောင်ရွက်နေသော ရထားလမ်းပိုင်းတွင် သံလမ်းတာပေါင်စည်းရိုး သံလမ်းကြား ကွန်ကရစ်ရေမြောင်း တပ်ဆင်ခြင်းနှင့် သံလမ်းကူးနေရာစသည့် အဆင့်မြှင့်လုပ်ငန်းတို့သည် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မီးရထားအချက်ပြစနစ် တပ်ဆင်ခြင်းနှင့် မီးရထားတွဲဆိုင်းများကဏ္ဍအတွက် JICA မှ အမေရိကန်ဒေါ်လာ ၁၀၇ သန်း ချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားအား တစ်နေ့လျှင် ခရီးသည် ရှစ်သောင်းခန့် စီးနင်းမှုရှိနေပြီး ရထားတစ်စင်းနှင့် တစ်စင်း ကွာခြားချိန်မှာ ၁၅ မိနစ်မှ ၄၅ မိနစ်ခန့်အထိ ကွာခြားမှုရှိနေကာ မြို့တစ်ပတ်ပြေးဆွဲမှု ကြာချိန်မှာ နှစ်နာရီနှင့် ၅၀ မိနစ်ကြာမြင့်ကြောင်း သိရသည်။ လက်ရှိပြုလုပ်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးစီးပါက ရထားတစ်စင်းနှင့် တစ်စင်း ၁၀ မိနစ်မှ ၁၂ မိနစ်ခြားစီ ပြေးဆွဲမည်ဖြစ်ပြီး မြို့တစ်ပတ်ကြာချိန်အား တစ်နာရီနှင့် မိနစ် ၅၀ သို့ လျှော့ချနိုင်မည်ဖြစ်ကာ ရထားစီးခရီးသည် နှစ်သိန်းလေးသောင်းခန့်အား သယ်ယူပို့ဆောင်ပေးနိုင်မည်ဟု သိရသည်။
၁၉၅၈ တွင် ဖောက်လုပ်ခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းသည် နှစ်ပေါင်း ၆၀ ခန့် သက်တမ်းရှိပြီဖြစ်သော်လည်း လမ်းပိုင်းအကြီးစား ပြုပြင်ခြင်းလုပ်ငန်းကို ယခုနှစ်တွင်မှ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလမ်းပိုင်းကို ဂျပန်အစိုးရချေးငွေ အမေရိကန်ဒေါ်လာ ၂၀၇ သန်းကျော်နှင့် နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉၄ သန်းကျော်ဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် ၁ (ရန်ကုန်-တောင်ငူ ၂၆၅ ကီလိုမီတာ) အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ ချေးငွေ ဂျပန်ယန်း ၁၂၄ ဒသမ ၆၆၃ ဘီလျံ သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်စီမံကိန်းအဖြစ် သတ်မှတ်လုပ်ဆောင်သွားရန် ကနဦးလျာထားသည်။
မြန်မာ့မီးရထားက ကိုရီးယားချေးငွေဖြင့် ဝယ်ယူထားသည့် လူစီးတွဲများအနက် ရန်ကုန်မြို့သို့ ရောက်ရှိပြီးဖြစ်သည့် အထက်တန်းရထားတွဲ ခြောက်တွဲအား ရန်ကုန်- မန္တလေးလမ်းပိုင်းရှိ ရထားတွဲများတွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်