Top News

ကသာမြို့နယ်တွင် သကြားထုတ်လုပ်ရေး လုပ်ငန်းနှင့် Biomass ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံမည်ဟု သိရ
24htopnews | October 12, 2024 3:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် ပျဉ်းထောင်လေးကျေးရွာ အနီးတွင် သကြားထုတ်လုပ်ရေး လုပ်ငန်းနှင့် Biomass ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်း နှစ်ခုကို Great Wall Foodstuff Industry Company Limited (Myanmar) နှင့် HONGKONG INTERNATIONAL SUGAR ENGINEERING CO., LIMITED (China, Yunan State) တို့က ၂၀၁၉ -၂၀၂၀ ပြည့် နှစ်တွင် စက်ရုံအပြီး တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ယင်းစက်ရုံစီမံကိန်း နှစ်ခုကို စတင်လည်ပတ်မည်ဟု ခန့်မှန်းထားကြောင်း ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ဆိုသည်။

“Great Wall Foodstuff Industry Company Limited (Myanmar) နဲ့ HONGKONG INTERNATIONAL SUGAR ENGINEERING CO., LIMITED (China, Yunan State) တို့က ဖက်စပ်လုပ် ကိုင်မယ့် လုပ်ငန်းဖြစ်တယ်။ လုပ်မယ့်လုပ်ငန်းကတော့ သကြားထုတ်လုပ်တဲ့လုပ်ငန်း။ ပြီးတော့ Biomass စနစ်နဲ့ လျှပ်စစ်ထုတ်လုပ်မယ့် လုပ်ငန်းဖြစ်တယ်။ စီမံကိန်းရဲ့ ပထမအဆင့် အနေနဲ့ပြောရင် ဒေါ်လာသန်း ၁၂၀ ရင်းနှီး မြှုပ်နှံမယ်။ Biomass ကကျတော့ ၆၀ မဂ္ဂါဝပ်အတွက် ဒေါ်လာသန်း ၈၀ ပေါ့။ ဒီနှစ်ခုပေါင်းရင် စီမံကိန်းရဲ့ ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြစ်တယ်။ အပြီးအစီး စီမံကိန်းနှစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဖြစ်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောကြားသည်။

အဆိုပါမြို့နယ်၌ သကြားထုတ်လုပ်ရေး လုပ်ငန်းနှင့် Biomass ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြေဧကမည်မျှအထိ သုံးမည်ကို  မသိရှိရသေးကြောင်း၊ စီမံကိန်းနှစ်ခု၏ စက်ရုံတည်ဆောက်ရေး ကာလသည် နှစ်နှစ်ဖြစ်ကြောင်း၊ သကြားထုတ်လုပ်ရေး လုပ်ငန်းနှင့် Biomass ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း စီမံကိန်းနှစ်ခုကို ကပ်လျက်တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကသာမြို့နယ် ပျဉ်ထောင်လေးကျေးရွာအနီး တည်ဆောက်မည့် သကြားထုတ်လုပ်ရေး လုပ်ငန်းနှင့် Biomass ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၏ စီမံကိန်း ဒုတိယအဆင့် သကြားစက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ ထပ်မံဖြည့်စွက်မည်ဖြစ်ပြီး Biomass ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း မဂ္ဂါဝပ် ၆၀ အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ထပ်မံဖြည့်စွက်သွားမည် ဖြစ်ကြောင်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ဦးသန်းဇော်ဦး၏ ပြောကြားချက်အရ သိရသည်။

 


READ NEXT
Cancel OK