ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်စခန်းအများစုတွင် စားသောက်ရေးအတွက် လိုအပ်ချက်များရှိနေပြီး ပိတ်မိနေသောကျေးရွာများအနေဖြင့်လည်း စားနပ်ရိက္ခာအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယင်းသို့ဖြစ်နေခြင်းနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ်၊ ဘောထိကိုင်းကျေးရွာမှ ပဲသဒူကျေးရွာအနီးသို့ ခိုလှုံရောက်ရှိနေသော တိုင်းရင်းသား ၁၈၀ ကျော်တို့နှင့်ပတ်သက်ပြီး စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသည့် ဦးထွန်းက “ကျွန်တော်တို့က ဘောတိကိုင်းကနေ ပြေးလာကြတာပေါ့၊ ဒီမှာနေတာတစ်လလောက်ကြာပြီ။ အခုဆိုရင် လုပ်ကိုင်စားသောက်ဖို့လည်း မရဘူး၊ ရွာကိုလည်း မပြန်ရဲဘူး ဖြစ်နေတော့ စားသောက်ရေးအတွက် အခက်အခဲတွေရှိတယ်။ အသက်ရှင်ဖို့အတွက် ထမင်းတစ်လုတ်စားရရင်တောင် ကျွန်တော်တို့ အသက်ရှင် ရပ်တည်နိုင်မှာပါ။ အခုက လာရောက်လှူဒါန်းသူတွေရှိမှ စားရတယ်။ ဒီရက်ထဲဆိုရင် ချွေတာပြီးစားရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို မေ့မထားကြဖို့ပြောချင်ပါတယ်။ နောက်ပြီး တောတောင်ကိုလည်း မသွားရတော့ ငါးရှာဟင်းခူးလည်းအဆင်မပြေဘူးပေါ့။ ပဲတို့၊ ငရုတ်သီးတို့ကလည်း မရှိတော့ဘူးဖြစ်နေပါတယ်” ဟု ပြောကြားသည်။
ယင်းသို့ စားသောက်ရေးအခက်အခဲဖြစ်နေသော စစ်ဘေးရှောင်များ ရှိနေသကဲ့သို့ စစ်ဘေးရှောင်မဟုတ်ဘဲ ကျေးရွာအတွင်း ပိတ်မိနေပြီး လုပ်ကိုင်စားသောက်ရန်အဆင် မပြေသည့် ကျေးရွာများလည်းရှိနေကြောင်း၊ အထူးသဖြင့် စိုင်းဒင်ချောင်းအထက်ပိုင်းရှိ ကျေးရွာအချို့တွင် အခက်အခဲဖြစ်နေကြောင်း၊ သွားလာရေးတွင်လည်း ရေကြောင်းကို အသုံးပြုရပြီး အလှူပစ္စည်းများကို ကြာညိုပြင်ကျေးရွာအထိ လာရောက်ပေးကမ်းမှုများရှိသည့်တိုင် ရွာသို့သယ်ဆောင်စဉ် စစ်ဆေးခြင်းများ စွာပြုလုပ်သည့်အပြင် တစ်ရက်နှစ်ရက်စာ ထက် ပိုမိုသယ်ယူခွင့်မပြုကြောင်းလည်း ဒေသခံများက ဆိုသည်။
“တိုက်ပွဲဆိုတာမျိုးကိုတော့ မဖြစ်စေချင်ဘူးပေါ့။ ဒါပေမဲ့ ဖြစ်လာတော့လည်း အရပ်သားတွေအနေနဲ့ ဘာမှမတတ်နိုင်ဘူးလေ။ ကျွန်မတို့မှာက ပြေးရလွှားရနဲ့ လက်နက်ကျည်တွေ ထိမှန်မှာကို စိုးရိမ်ကြရတာပေါ့၊ ကိုယ့်အိမ်ကိုယ့်ယာကိုထားပြီး ဒီလိုမျိုးမြေပြင်ပေါ် မှာ ဘယ်သူက နေချင်ပါ့မလဲ၊ ဒါပေမဲ့ နေနေရတယ်။ ဒါဟာ ကံတရားကြောင့်ပဲလို့သာ မှတ်တော့တယ်။ လာရောက်လှူဒါန်းသူတွေ အနည်းအကျဉ်းရှိနေလို့ ထမင်းတစ်လုတ် စားသောက်ရပေမယ့် ဘယ်နေ့ငတ်မလဲဆိုတာကို စောင့်နေရတယ်။ တခြားအလုပ်အကိုင်မှ မရှိ တာလေ” ဟုလည်း ဒုံးသိမ်းကျေးရွာသို့ ရောက်ရှိနေသော ဒေါ်ပန်းအိမ်က ပြောကြားသည်။
ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်၊ ဇီးရွာ အစရှိ သော ကျေးရွာမှ ထွက်ပြေးလာခဲ့သူများမှာ လည်း ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာသို့ ရောက်ရှိခိုလှုံနေကြရပြီး စားသောက်ရေးအပိုင်းတွင် ခက်ခဲကြောင်းနှင့် လာရောက် ကူညီပေးမှုလည်း နည်းပါးသဖြင့် စားသောက် ရေးအတွက် စိုးရိမ်နေမိကြောင်း သိရသည်။
ယင်းအပြင် ကျေးရွာအတွင်း ကျန်ခဲ့သူများအတွက်လည်း စိတ်ပူကြောင်း၊ စိုင်းဒင် ချောင်းဖျားပိုင်းကျေးရွာများတွင် ဖုန်းအဆက်အသွယ်လည်း ခက်ခဲသည့်ကျေးရွာများဖြစ်သဖြင့် စိုးရိမ်မိကြောင်းတို့ကိုလည်း ပြောဆိုကြသည်။
ဝပြန်ကျေးရွာမှ ကိုမောင်သန်းထွန်းကလည်း “လက်ရှိတွင် အမိုးအကာမလုံလောက်တဲ့အပြင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့်အပိုင်းတွေမှာလည်း အခက်အခဲကို ရင်ဆိုင်နေကြရတယ်။ ကျေးရွာမှာ ကျန်ခဲ့တဲ့ စပါးတွေ၊ နွား၊ ကြက်၊ ဝက်ယူဆောင် နိုင်ခြင်းမရှိသလို စိုက်ခင်းတွေကိုလည်း သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် အများကြီး အခက်အခဲ ရှိနေပါတယ်။ ဆိုတော့ ပြည်သူတွေကသာ ကျွန်တော်တို့ကို ဝိုင်းပြီး ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟုပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
