Top News

အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်တွင် ဥပဒေအရ အနိမ့်ဆုံးပေးထားသည့် အလုပ်သမား အခွင့်အရေးကို ထပ်ပြီးကန့်သတ်ထားကြောင်း MICS တာဝန်ရှိသူ ပြောကြား
24htopnews | October 12, 2024 3:12 PM CST

အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်တွင် ဥပဒေအရ အနိမ့်ဆုံးပေးထားသည့် အလုပ်သမား အခွင့်အရေးကို ထပ်ပြီးကန့်သတ်ထားကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS) က ပြောကြားသည်။

တော်ဝင်နှင်းဆီခန်းမ၌ ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် အလုပ်သမားများ၏ အသံများကို လျစ်လျူရှုခံရခြင်း ကိစ္စနှင့် အလုပ်သမား အလုပ်ထုတ်ခံရမှုများ မြင့်တက်လာမှု အခြေအနေများအား ရှင်းလင်းတင်ပြသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဥပဒေတိုင်းက ပေးထားတဲ့အခွင့်အ ရေးသည် အနိမ့်ဆုံးအခွင့်အရေးဖြစ်ပါတယ်။ အလုပ်ရှင်တွေက ဒီထက်ပိုပြီးပေးနိုင်အောင် သာ ကြိုးစားရမှာပေါ့။ ဒါပေမဲ့ အခုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ ဥပဒေအရ အနိမ့်ဆုံးပေးထားတဲ့ အခွင့်အရေးကိုတောင် ထပ်ပြီးတော့ ကန့်သတ်ထား တာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ လုံးဝလက်သင့်ခံလို့ မရပါဘူး။ ဒါကျွန်တော်တို့ ရှောင်တခင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ပြောနေတာ ဖြစ်ပါတယ်။ လုပ်သက်ခွင့်လည်း ဒီတိုင်းပဲပေါ့နော်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ လုပ်သက်ခွင့်ယူတဲ့ အခါမှာ အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းပြီးတော့မှ ယူလို့ရတယ်။ နောက်တစ်ခုကကျတော့ အဆိုးဆုံးကတော့ ကျွန်တော်တို့ ရက်သတ္တပတ် အလုပ်ပိတ်ရက် ဖြစ်ပါတယ်။ တစ်ပတ်ကို ကျွန်တော်တို့ တစ်ရက် အလုပ်နားရက်ရတယ်။ တနင်္ဂနွေနေ့  တိုင်းပေါ့နော်။ ပျမ်းမျှပိုင်းကတော့ တနင်္ဂနွေ ပေါ့။ သို့သော် ပြဿနာက ဘာဖြစ်လဲဆို တော့ ဒီနည်းဥပဒေမှာ တစ်ပတ်အလုပ်ချိန် ပြည့်မှ အလုပ်ချိန် နာရီပြည့်အောင် လုပ်ခဲ့သောအလုပ်သမားကိုပဲ တစ်ပတ်အလုပ်နားရက် ပေးရမယ်လို့ ပြောတယ်ပေါ့။ အခုဆိုရင် စက်ရုံတော်တော်များများမှာ ဘာလုပ်လာလဲဆိုတော့ ကျွန်တော်တို့က တစ်ပတ်မှာ အ လုပ်ချိန်က ၄၄ နာရီ ဒါမှမဟုတ် ၄၈ နာရီရှိ တယ်ပေါ့။ အဲဒီတော့ ကျွန်တော်က နေ့တစ်ပိုင်း ခွင့်ယူလိုက်တယ် ဆိုပါစို့။ ဒါဆိုရင် ၄၄ နာရီ ကျွန်တော် မပြည့်တော့ဘူး။ နာရီ ၄၀ ပဲရှိတယ်။ အဲဒီတော့ နာရီ ၄၀ ပဲရှိတာကြောင့် သူတို့အနေနဲ့ တစ်ပတ်ပြည့်တဲ့ပိတ်ရက်ကို ပေးစရာ မလိုဘူးဆိုပြီးတော့မှ အခုဆွေးနွေး တာတွေရှိတယ်။ အလုပ်ရှင်တွေဆိုရင် ပိုပြီး တော့ကန့်သတ်ထားတာရှိတယ်။ အဲဒါက ကျွန်တော် ငါးမိနစ်နောက်ကျတယ်။ အဲဒီလို ငါးမိနစ် နောက်ကျတဲ့အခါမှာ ကျွန်တော်ရဲ့  အလုပ်ချိန်သည် ၄၄ နာရီမဟုတ်တော့့ဘူး။ ၄၄ နာရီပြည့်ဖို့ ငါးမိနစ်လိုတယ်။ အဲဒါကြောင့် ဒီနည်းဥပဒေအရ မင်တို့ကို တစ်ပတ်တစ်ရက် ငါပေးစရာ မလိုဘူးဆိုပြီးတော့မှ စပြီးတော့ မှ အလုပ်ရှင်တွေက လုပ်လာတာတွေ ရှိပါတယ်” ဟု  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ ဦးသက်လင်းအောင်က ပြောကြားသည်။

ထို့ပြင် ဦးသက်လင်းအောင်က ဆက်လက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ အနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြားတွင်  မျှမျှတတ ရပ်တည်ရမည်ဖြစ်ကြောင်း နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်များသည် အရေးကြီးသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ကြောင်း ၎င်းတို့အနေဖြင့်လည်း အလုပ်သမားများ၏ အရေးကိစ္စသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိသည်ကို သိစေချင်ကြောင်း ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဖြိုးစန္ဒာစိုးက မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ်က အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် စတင်ကျင့်သုံးခွင့် ရခဲ့ကြောင်း၊ အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်ရန် အလုပ်သမား ဖွဲ့စည်းခွင့်သည် အရေးကြီးကြောင်း လက်ရှိအလုပ်သမား ဥပဒေများထဲတွင် အလုပ်သမားများ၏ အခွင့်အရေးများ  ပါဝင်ကြောင်း အဆိုပါအခွင့်အရေးများကို သုံးစွဲသည့်အခါ ကျင့်ကြံအားထုတ်သည့်အခါတွင် အလုပ်သမား တစ်ဦးတည်း ကျင့်ကြံအားထုတ်ဖို့ ခက်ခဲကြောင်း ပြောကြားသည်။

“အဖွဲ့အစည်းနဲ့ကျမှ ကျွန်မတို့ ဒီအဖွဲ့အစည်းကနေပြီးတော့ ကာကွယ်ပေးပြီး ကျွန်မတို့ အလုပ်သမား တစ်ဦးတည်း သူ့ရဲ့အခွင့်အရေးကို သွားတောင်းရင် အစိုးရသော်လည်းကောင်း၊ အလုပ်ရှင်သော်လည်းကောင်း အာရုံမစိုက်ပါဘူး။ တုံ့ပြန်မှု မရှိပါဘူး။ တစ်ဖက်သတ် သူတို့ဆုံးဖြတ်တယ်။ တစ်ခါတလေကျရင် တစ်ယောက်တည်း သွားတောင်းလို့ရှိရင် အလုပ်တောင် ထုတ်လိုက်ပါတယ်။ အဲဒီလို အခြေအနေမျိုးတွေ မဖြစ်ရအောင်လို့ ကျွန်မတို့က လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးတာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျွန်မတို့အလုပ်သ မားတွေရဲ့အခွင့်အရေးကို ဥပဒေထဲမှာရှိနေ တဲ့ အလုပ်သမားတွေရဲ့အခွင့်အရေးကို ကာ ကွယ်ပေးနိုင်အောင်အတွက်ပါ။ အဲဒီအပြင် ပြီးပြီလားဆိုတော့ ကျွန်မတို့ အလုပ်သမား ဥပဒေတွေထဲမှာ အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အားနည်းနေသေးရင် အ ခွင့်အရေးတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းကို ပြည့်မမီသေးရင် ကျွန်မတို့အ လုပ်သမားအဖွဲ့အစည်းတွေက အလုပ်သမား တွေရဲ့ ကိုယ်စားပြုပြီးတော့ ပြောနိုင်အောင် ဆိုနိုင်အောင်အတွက်ကို အခွင့်အရေးတွေ ပိုပြီးတော့ တိုးတက်လာနိုင်အောင် အတွက်ကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးတာပါ။ ဒါက ကျွန်မတို့ကို နိုင်ငံအတွင်းမှာ ပြန်ပြောမယ် ဆိုလို့ရှိရင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာ ပါထားပြီးသားပါ နိုင်ငံတော်သည် အ လုပ်သမား လယ်သမားတွေကို အဖွဲ့အစည်း ဖွဲ့စည်းခွင့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို ပေးရမယ်” ဟု ဒေါ်ဖြိုးစန္ဒာစိုးက ပြောကြားသည်။

၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် အလုပ်သမားများ အလုပ်ဖြုတ်ခံရပြီး အလုပ်သမား အဖွဲ့အစည်းများ လျစ်လျူရှု ခံရခြင်းမှာ များပြားလာကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS) ပြောကြားခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK