Top News

ပြည်ခရိုင် ရွှေတောင်မြို့နယ် ဧရာဝတီမြစ်အတွင်း ရေလမ်းကြောင်းပျောက်ကာ သောင်ထွန်းမှုကြောင့် အစုန်အဆန်ကုန်တင် CP တွဲသင်္ဘောကြီး အစီး ၅၀ ခန့် တစ်ပတ်ကြာ ပိတ်မိနေ
24htopnews | October 12, 2024 3:12 PM CST



ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့နယ် ဧရာဝတီမြစ်အတွင်း ရေလမ်းကြောင်းပျောက်ကာ သောင်ထွန်းမှုကြောင့် အစုန်အဆန်ကုန်တင် CP တွဲသင်္ဘောအစီး ၅၀ ခန့် တစ်ပတ်ခန့်ကြာ ပိတ်မိနေကြောင်း သိရသည်။

အဆိုပါ ကုန်တင်သင်္ဘောများမှာ ဇန်နဝါရီ ၂၈ ရက်လောက်မှစတင်ကာ ဖြတ်သန်းသွားလာ၍ မရတော့ဘဲ ပိတ်မိနေခြင်းဖြစ်ပြီး အစုန်သင်္ဘောနှင့် အဆန်သင်္ဘောများပါ ရေစူးရှာစမ်းသပ်မောင်းနှင့်သော်လည်း ရေ ကြောင်းအခြေအနေမှာ ပုံမှန်မဟုတ်ခြင်းကြောင့် သောင်တင်သွားခြင်းနှင့် တစ်စင်းနှင့်တစ်စင်း စောင့်ဆိုင်း မောင်းနှင်နေရခြင်းကြောင့် ယင်းသို့ ရက်ကြာမြင့်သွားရခြင်းဖြစ်ကြောင်း သိရသည်။

ရေကြောင်းတွေက ကျပ်ပြီးသွားရလာရတာ ခက်ခဲတော့ ရောက်ရမယ့်ခရီးတွေလည်း အချိန်မီမရောက်တော့ သင်္ဘောသမားတွေ အနေနဲ့အခက်အခဲတွေဖြစ်တယ်။ ကျွန်တော်တို့ရေကြောင်းတွေရှာပြီး ရတဲ့နေရာက နေကြံဖန်ပြီးတက်ရတာပေါ့။ ရေကြောင်းတွေက ပျောက်နေတာကြာပြီ။ သုံးလေးငါးရက်လောက်ရှိပြီ။ ကျွန်တော်တို့ရောက်နေတာတင် သုံးညအိပ်လေးရက်လောက်ရှိနေပြီ။ အခက်အခဲတွေဖြစ်တယ်။ သင်္ဘောမသွားရတော့ အကုန်ဝယ်စားနေရတယ်။ အခုဆို ဖုန်း ဘေလ်တောင်ပြတ်တဲ့အထိ ဖြစ်တယ်။ သွား မရတော့ ကျောက်ပေါက်ပြီး သောင်မှာပဲနေရတာ အခက်အခဲဖြစ်တာပေါ့။ တခြားနေရာတွေမှာလည်း ကျပ်တာပဲ။ ဒါပေမဲ့ ဒီလောက်တော့ မကြာဘူး  ဟု ကျောက်မီးသွေးပို့ဆောင် ပေးသည့်တွဲသင်္ဘောမှ ကိုသက်ပိုင်အောင်က ပြောကြားသည်။

အဆိုပါပိတ်ဆို့နေမှုမှာ ရွှေတောင်မြို့နယ် တက်သစ်ကျွန်းအနီး ဧရာဝတီမြစ်ရေကြောင်း  သုံးခုကွဲနေရာနှင့် နွားမယံပုတ္တန်းအနီးတို့တွင် ပိတ်ဆို့နေခြင်းဖြစ်ကာ ရေစူး တိမ်နေမှုကြောင့် စက်လှေငယ်များဖြင့် ခေါက်တုံ့ခေါက်ပြန် ရေလမ်းကြောင်းရှာဖွေ သွားနေရမှုကြောင့် ထပ်မံရောက်ရှိလာသည့် သင်္ဘောများမှာ စောင့်ဆိုင်းနေရကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် လုံးဝသွားမရအောင် ရေကြောင်းတိမ်သွားပြီဖြစ်ကြောင်း သင်္ဘောမောင်းများထံက သိရသည်။

ကျောက်စုပ်နေတဲ့ကောင်တွေရှိတယ်။ ကျွန်တော်တို့ရေကြောင်းလမ်းထဲမှာ စုပ်နေတယ်။ ရေပါးတဲ့နေရာကို သင်္ဘောမောင်းခိုင်းတယ်။ ရေကောင်းတဲ့နေရာကို ကျွန်တော်တို့ မောင်းခိုင်းတယ်။ ဘယ်လိုလုပ်သွားမောင်းမလဲ။ ဒါကို ရေအရင်းအမြစ်က ရှင်းပေးရမယ်။ ဗော့လမ်းကြောင်းထဲမှာ မစုပ်ပါနဲ့ လမ်းကြောင်း လွတ်တဲ့နေရာမှာစုပ်ပေါ့။ အခုက ကျွန်တော်တို့ကသွားပြောတော့ အန္တရာယ်မဖြစ်အောင် မောင်းကြပါတဲ့။ ဘယ်သူကမှ ရှင်းမပေးဘူး။ ကိုယ်ဖြစ်ကိုယ်ခံဖြစ်နေတာ။ အမှန်ကတော့ ဒီလမ်းကြောင်းလေးသွားနိုင်မှ ဒီသင်္ဘောတွေ တင်နိုင်မှသွားနိုင်မှ သူတို့လည်းအလုပ်ဖြစ်တာ။ ဒါမျိုးလေးတွေ ဖြစ်ရမှာ။ ကျွန်တော်တို့မှာ ရောက်နေတာ တစ် ပတ်လောက် ဖြစ်သွားပြီ။ ဒီကြားထဲကနေ ကျောက်တွေတင်တယ်။ အောက်ပိုင်းက ကောင်တွေ ခုနစ်ပေကျော်တင်တယ်။ သူတို့ က ကိုယ့်အရင်ဆင်းသွားပြန်ရော တင်နေရော ဆင်းစရာ နေရာမရှိတော့ဘူး။ ဒါမျိုးလေးတွေ သူတို့တာဝန်ရှိသူတွေ တားပေးရမယ်။ ကျွန်တော်တို့အချင်းချင်း သွားတားရင် ရန်ဖြစ် ရုံပဲရှိမယ် ဟု တွဲသင်္ဘောမောင်း ဦးမောင်ပေါ်က ပြောကြားသည်။

ရန်ကုန်-မန္တလေး ဧရာဝတီမြစ်ရေကြောင်းလမ်းအတွင်း အဆိုးဆုံးရေကြောင်း ကျပ်တည်းသည့်နေရာများမှာ ထုံးဘို၊ တက်သစ်ကျွန်း၊ စမိတ်ခုံ၊ မြောင်၊ ကျောက်ပုံနှင့် အခြားနေရာအချို့လည်းရှိပြီး ယခုကျပ်တည်းမှုမှာ မကြုံဖူးကြောင်း ရက်အားဖြင့်လည်းကြာ မြင့်နေပြီဖြစ်ကြောင်း ၎င်းတို့ထံက သိရသည်။

တိုင်းကိုလှမ်းသတင်းပို့မယ်။ အခုလောလောဆယ်တော့ ရေလမ်းညွှန်ဝန်ထမ်းခေါ်တာပေါ့။မနက်ကတော့တစ်စင်းကိုရေကြောင်း ပြပေးနေပါတယ်။ သောင်တူးဖို့က ဘတ်ဂျက်ကျမှ လုပ်ရတာ။ လောလောဆယ်မှာတော့ တင်ပြရုံပဲ ဆက်တင်ပြမယ်။ အခုလောလော ဆယ်က ခရိုင်ရဲ့ညွှန်ကြားချက်လည်း မရသေးဘူး ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးက ပြောကြားသည်။          

 

 


READ NEXT
Cancel OK