Top News

လက်ပံတောင်းတောင်၊ ကြေးစင်တောင်နှင့် စံပယ်တောင်တို့၏ ပြဿနာများကို ငါးနှစ်တာ ကာလအတွင်း တိုင်းဒေသကြီး အစိုးရက မဖြေရှင်းပေးနိုင်ပါက ကုမ္ပဏီ၊ ဒေသခံနှင့် အနာဂတ် အတွက်ပါ မကောင်းကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ် ပြောကြား
24htopnews | October 12, 2024 3:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ယင်းမာပင်မြို့နယ် အတွင်းရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်နှင့် စံပယ်တောင်တို့၏ ပြဿနာများကို ငါးနှစ်တာ ကာလအတွင်း တိုင်းဒေသကြီးအစိုးရက မဖြေရှင်းပေးနိုင်ပါက ကုမ္ပဏီအပါအဝင် ဒေသခံနှင့် အနာဂတ်အတွက်ပါ မကောင်းကြောင်း ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောကြားသည်။

ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အတွင်းရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်နှင့် စံပယ်တောင်တို့၏ ပြဿနာများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် မြေပြင်သို့ ကွင်းဆင်းကာ ဖြေရှင်းပေးမှသာလျှင် ဒေသခံများနှင့် ကုမ္ပဏီများအကြား ဖြေနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဝန်ကြီးချုပ်အနေနဲ့ ဒေသခံတွေနဲ့ တွေ့ ဆုံဖို့ကိစ္စတွေ၊ မြေယာလျော်ကြေးကိစ္စတွေက ဥပဒေနဲ့အညီ ကရုဏာထား၍ဆိုတာ အချို့ကိစ္စတွေက ဥပဒေနဲ့အညီ ဒေသခံတွေက တောင်းဆိုနေတာ မဟုတ်ပေမယ်လို့ CSR ဒါတွေပဲ ဖြည့်တင်းပြီးတော့ တိုင်းဒေသကြီး အစိုးရကနေ စီမံဆောင်ရွက်ပေးမယ်ဆိုရင် လက်ပံတောင်းကြီးက ပြေလည်နိုင်တယ်ပေါ့ နော်။ အဲဒီအတွက် ညှိနှိုင်းဖို့ဆိုတာက ကျန်တဲ့ လူမရဘူးပေါ့။ တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်တိုင် ဆင်းမှရမှာ။နှစ်ပေါင်းများစွာ မပြေလည်ခဲ့တဲ့ လက်ပံတောင်း ပြဿနာကို ဝန်ကြီးချုပ်အနေနဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့လိုတယ်။ ဒီငါးနှစ်တာကာလအတွင်းမှာ တိုင်းဒေသကြီး အစိုးရက လက်ပံတောင်းတောင်၊ စံပယ်တောင်နဲ့ ကြေးစင်တောင်တို့ရဲ့ပြဿနာတွေ ကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ကုမ္ပဏီအတွက်လည်း မကောင်းဘူး။ ဒေသခံတွေအတွက်လည်း မကောင်းဘူး။ အနာဂတ် အတွက်လည်း မကောင်းဘူး” ဟု ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ဆက်လက် ပြောကြားသည်။

ကျန်နေသေးသည့် တိုင်းဒေသကြီးအစိုးရ သက်တမ်းအတွင်း ဒေသခံများနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တွေ့ဆုံရန် အစီအစဉ်ရှိ မရှိ လွှတ်တော်၌ မေးခွန်းမေးမြန်းရန်အတွက် တင်ပြထားကြောင်း၊ ယခင်အစိုးရ လက်ထက်ကတည်းက လက်ပံတောင်းတောင်၊ ကြေးစင်တောင်နှင့် စံပယ်တောင်တို့၏ ပြဿနာများသည် ပြေလည်မှုမရှိဘဲ လက်ရှိအစိုးရအထိ မျောလာခဲ့ကြောင်း ဒေါက်တာသိန်းနိုင်က ပြောကြားသည်။

လက်ပံတောင်းတောင် ဒေသခံများ၏ ဥပဒေနှင့်အညီ တောင်းနေသည့် ပြဿနာများကို အခြားနည်းလမ်းဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြဿနာ၏ အဆုံးကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်ရှိတိုင်းဒေသကြီး အစိုးရ၏ ငါးနှစ်တာ ကာလအတွင်း လက်ပံတောင်းတောင်၊ ကြေးစင်တောင်နှင့် စံပယ်တောင်တို့၏ ပြဿနာများအား  မည်သည့် တစ်စုံတစ်ခုကိုမျှ ဖြေရှင်းမပေးနိုင်ခဲ့ပါက အဓိပ္ပာယ် မရှိကြောင်း၊ ထို့နောက် ကုမ္ပဏီ အပါအဝင် ဒေသခံများနှင့် အနာဂတ်အတွက်ပါ မကောင်းကြောင်း  ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်၏ ပြောကြားချက်အရ သိရသည်။

 


READ NEXT
Cancel OK