Top News

အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း တစ်သောင်းငါးထောင် ချီးမြှင့်မည့် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များ စတင်ရောင်းချ
24htopnews | October 12, 2024 3:12 PM CST

အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း တစ်သောင်းငါးထောင် ချီးမြှင့်မည့် ၁၀၀၀ ကျပ်တန် အောင်ဘာလေ ထီလက်မှတ်များကို ၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ရောင်းချ လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(၁) ကြိမ်မြောက် တစ်ထောင်ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ရောင်းချလျက်ရှိပြီး ၂၄ ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကိုလည်း ပူးတွဲရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

“အဆင်ပြေပါတယ်။ ထီကတော့ အမြဲပုံမှန်ထိုးတယ်။ အခုလို ဆုကြေးမြင့်တဲ့ ထီလတ်မှတ်တွေ ထွက်လာတာလည်း ကောင်းတယ်။ တစ်ထောင်ကျပ်ဆိုတော့ လူတန်းစားမရွေး ထိုးနိုင်တယ်။ အဓိကကတော့ အောက်ခြေ လူတန်းစားတွေအတွက် မျှော်လင့်ချက်က ထီပေါက်ရင်ဆိုတဲ့ အိမ်မက်တစ်ခုဘဲ ရှိကြတာဆိုတော့ ထီထိုးကြဖို့လည်း တိုက်တွန်းချင်တယ်။ မနေ့က စရောင်းတာ ဖြစ်ပေမယ့် ဒီနေ့မှ ဆိုင်တိုင်းမှာ ဝယ်လို့ရတယ်။ အခုလည်း ဒီလအတွက် ထီလာထိုုးတာပါ။ တစ်နေ့တော့ ပေါက်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု တစ်ထောင်ကျပ်တန် ထီလတ်မှတ်ဝယ်ယူသူ ကိုကျော်ခန့်က ပြောကြားသည်။

အဆိုပါ ၁၀၀၀ ကျပ်တန် အောင်ဘာလေထီအတွက် အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းငါးထောင် ချီးမြှင့်မည်ဖြစ်ပြီး ၅၀၀ ကျပ်တန် အောင်ဘာလေထီအတွက် အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်း ချီးမြှင့်သွားမည်ဖြစ်သည်။

၁၀၀၀ ကျပ်တန် အောင်ဘာလေ ထီလက်မှတ်များ၏ အရွယ်အစားမှာ အလျား ၁၃.၈ စင်တီမီတာအနံ ၆.၄ စင်တီမီတာရှိကြောင်း သိရသည်။

ထိုသို့စတင်ရောင်းချသည့် ၁ဝဝဝကျပ်တန်ထီလတ်မှတ်များ ယခင်ရောင်းချခဲ့သည့် ၅၀၀ ကျပ်တန် ထီလတ်မှတ်များကဲ့သို့ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း မပြုဘဲ စျေးတင်ရောင်းချမည်ကို စိုးရိမ်လျက်ရှိကြောင်း ထီလတ်မှတ် ဝယ်ယူသူများက ပြောကြားသည်။

“စရောင်းတဲ့ အချိန်မှာတော့ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းကြတယ်။ နောက်ပိုင်းကြတော့ စျေးတင်ရောင်းလာတာ တွေရှိတယ်။ အဲ့ဒါကတော့ မကောင်းဘူးပေါ့။ အဲ့တစ်ခုတော့ စိုးရိမ်တယ်။ အခုဆို ထီထိုးသူတွေ ပိုမိုများပြားလာတယ်။ ချီးမြှင့်ငွေကလည်း မြင့်လာတဲ့အခါမှာ ထီစျေးကစားတဲ့သူတွေရဲ့ စျေးတင်ရောင်းကြမှာကိုတော့ အကိုတို့အနေနဲ့ မလိုလားဘူး။ သတ်မှတ်စျေးနှုန်း အတိုင်းဘဲ ရောင်းစေချင်တယ်” ဟု ထီလတ်မှတ် ဝယ်ယူသူ တစ်ဦးဖြစ်သူ ကိုလွင်ကိုက ပြောကြားသည်။

ထို့အတူ ထီစာအုပ်ရောင်းချရသည့် ငွေအပေါ် ခွဲဝေချီးမြှင့်မည့် ဆုမဲစာရင်းများကို ထီဖွင့်ပွဲမတိုင်မှီ ထပ်မံကြေညာ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကျပ်သိန်းတစ်သောင်း ချီးမြှင့်သည့် ၅၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကို ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး စျေးကွက်အတွင်း၌ ၅၀၀ ကျပ်ထက် ပိုမိုရောင်းချမှုများ ရှိခဲ့ခြင်းကြောင့် အများပြည်သူများအကြား ဝေဖန်မှုများ မြင့်တတ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ၁၀၀၀ ကျပ်တန် ထီလတ်မှတ်များကို အမြို့မြို့အနယ်နယ်ရှိ ထီလတ်မှတ် အရောင်းဆိုင်များတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ဝယ်ယူရရှိပြီဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK