ဖရဲ၊ သခွားစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တရုတ်က မြေဧကပေါင်းများစွာ ငှားရမ်းစိုက်ပျိုးခဲ့သော်လည်း တောင်သူများမှာ အကျိုးအမြတ်အနည်းငယ်သာရရှိသည့်အပြင် စိုက်ပျိုးမြေများမှာလည်း ပျက်စီးခဲ့ရကြောင်း ကျောက်ဆည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင်က ပြောကြားသည်။
အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက လွှတ်တော်သို့ တင်သွင်းခဲ့သည့် 'လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသော ကုန်ကြမ်းများကို ကမ္ဘာ့စျေးကွက်ဝင် တန်ဖိုးမြင့် ကုန်ပစ္စည်းများဖြစ်အောင် ပြည်တွင်း၌ပင် အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ စျေးကွက်ချဲ့ထွင်နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း' အဆိုနှင့်စပ်လျဉ်း၍ ဇန်နဝါရီ ၃၀ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါက်တာတင်အောင်က ဆွေးနွေးရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
“ပထမပိုင်းမှာ ကျွန်တော်တို့နိုင်ငံအတွက် အားနည်းချက်ကတော့ နိုင်ငံတကာမှ နည်းပညာတွေသုံးပြီး ကျွန်တော်တို့နိုင်ငံမှာ မြေယာဧကပေါင်း ထောင်နဲ့ချီပြီးတော့ ငှားရမ်း စိုက်ပျိုး ထုတ်လုပ်နေတဲ့ ဖရဲ၊ သခွားစိုက်ပျိုး လုပ်ငန်းတွေ့ရှိပါတယ်။ ဒီလုပ်ငန်းကို တရုတ် နိုင်ငံက မြန်မာနိုင်ငံမှာ ကြီးကြီးကျယ်ကျယ် စိုက်ပျိုးထုတ်လုပ်ခဲ့တာသည် ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးအမြတ်က တောင်သူတွေအတွက် အနည်းငယ်ပဲရရှိပြီးတော့ ပြည်ပ နိုင်ငံသားများက အကျိုးအမြတ် အမြတ်အ စွန်းအများကြီးရရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့နိုင်ငံရဲ့ တောင်သူတွေကို နည်းပညာပေးအပ်ခဲ့ခြင်းမရှိတဲ့အပြင် သူတို့စိုက်ပျိုးခဲ့တဲ့ စိုက်ပျိုးခင်းများမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲခဲ့တာ ရှိတဲ့အတွက်ကြောင့် နောက်နှစ်တွေမှာ ကျွန်တော်တို့တောင်သူများဟာ နည်းပညာလည်း မရ၊ မြေကလည်း ပျက်စီးသွားတဲ့အတွက်ကြောင့် ဆက်လက်စိုက်ပျိုးလို့မရတဲ့အကျိုးရလဒ်များကို ခံစားနေရတာကို တွေ့ရှိပါတယ်” ဟု ဒေါက်တာတင်အောင်က ပြောကြားသည်။
ထို့သို့ဖြစ်ရခြင်းမှာ မိမိတို့နိုင်ငံ၏ နည်းပညာ အားနည်းချက်ကြောင့် အကျိုးဆုတ်ယုတ်ခြင်းဖြစ်ကြောင်း ဒေါက်တာတင်အောင်က ဆိုသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ တက္ကသိုလ်ကောလိပ်များနှင့် သုတေသနဌာနများသည် ဘာသာရပ်အလိုက် သုတေသနများ အဆက်မပြတ်လုပ်နေကြောင်း၊ ဝန်ကြီးဌာနများအောက်တွင်ရှိသည့် ဦးစီးဌာနများသည် ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသလို အချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှု မရှိသည်ကို တွေ့ရှိရကြောင်း၊ ပြုလုပ်ထားသည့် သုတေသနများမှာလည်း တောင်သူများဆီမရောက်ဘဲ စာအုပ်စင်ပေါ်တွင်သာ ရောက်ရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံခြား နည်းပညာများကိုသာ အားမကိုးဘဲ မိမိတို့ နိုင်ငံမှ တွေ့ရှိထားသည့် သုတေသနရလဒ်များကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက တန်ဖိုးမြင့်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က အကြံပြုသည်။
“ကျွန်တော်တို့နိုင်ငံမှာ များသောအားဖြင့် သီးနှံများကို စိုက်တဲ့အခါမှာ ကိုယ်စိုက်ချင်ရာကို အရင်စိုက်ပြီးတော့မှ ငါ့ပစ္စည်း ဘယ်သူဝယ်မလဲလို့ လိုက်ပြီးရှာရတဲ့ခေတ် ဒီအတိုင်းပဲရှိနေပါသေးတယ်။ အခု နိုင်ငံတကာ မှာတော့ ငါဘာစိုက်မယ်။ မင်းယူမှာလားလို့ မေးပြီးတော့မှ စျေးကွက်ကို အရင်ရှာပြီးတော့မှ သီးနှံကို စိုက်တဲ့စနစ်ကို ပြောင်းလဲနေပါပြီ” ဟု ကျိုက်လတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်းက အဆိုနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ပြောကြားသည်။
ထို့နောက် ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန်အတွက် (၁)နည်းပညာ၊ (၂) အရင်းအနှီးနှင့် (၃)စျေးကွက်ရှာဖွေရန်လို အပ်ခြင်းတို့မှာ မိမိတို့အတွက် စိန်ခေါ်မှုဖြစ်ကြောင်း ဒီးမော့ဆိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်းက လွှတ်တော်၌ ဆွေးနွေးသည်။
နိုင်ငံ၏ဧရိယာ ဟက်တာပေါင်း ၆၇ ဒသမ ၆ သန်းတွင် စိုက်ပျိုးမြေဟက်တာ ၁၂ ဒသမ ၈ သန်းဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ အမျိုးသားစီမံကိန်းအစီရင်ခံစာတွင် လယ်ယာ ကဏ္ဍသည် GDP ၏ ၂၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်ပြီး စိုက်ပျိုးရေးပို့ကုန်ဝင်ငွေသည် ပြည်ပ ပို့ကုန်ဝင်ငွေစုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၃၀ အကြားရှိကြောင်း ဖျာပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
