Top News

ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက် တိုးမြှင့်ပေးထားသော်လည်း အရက်နှင့် ဆေးလိပ်မှကောက်ခံသည့် အခွန်နှုန်းထားများကို လျှော့ချခွင့်ပြုနေမည်ဆိုပါက အိပ်ပေါက်နှင့် ဖားကောက်သကဲ့သို့ဖြစ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး
24htopnews | October 12, 2024 3:12 PM CST

ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက်များ တိုးမြှင့်ပေးထားသော်လည်း အရက်နှင့် ဆေးလိပ်မှကောက်ခံသည့် အခွန်နှုန်းထားများကို လျှော့ချခွင့်ပြုနေမည်ဆိုပါက အိပ်ပေါက်နှင့် ဖားကောက်သကဲ့သို့ဖြစ်နေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်း နိုင်က ဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့်  ယင်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာအပေါ်တွင် ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဆွေးနွေးစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က “ပြည်ထောင်စုဘတ်ဂျက်မှာ  လိုငွေပြနေတဲ့အကြားက ကျန်းမာရေးအသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့်လျာထားသတ်မှတ်ပေးနေတာဟာ အားလုံးအသိပဲဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေ ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး အသုံးစရိတ်တွေကို  တိုးမြှင့်ခွင့်ပြုပေးနေချိန်မှာ တစ်ဖက်က အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် အစရှိတဲ့ အထူး ကုန်စည်ခွန်တွေရဲ့ အခွန်နှုန်းထားတွေကို လျှော့ချပြီး ခွင့်ပြုပေးနေမယ်ဆိုရင် အိပ်ပေါက် နဲ့ ဖားကောက်သလိုဖြစ်နေပါတယ်။ မျိုးဆက်သစ် လူငယ်လူရွယ်တွေရဲ့ကျန်းမာရေးကို အထူး လိုလားတယ်ဆိုရင် သူတို့ရဲ့ကျန်းမာရေးကို ထိခိုက်ပျက်စီးစေမယ့် ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံးရှောင်ရှားနိုင်ဖို့ အထူးအရေးကြီးပါတယ် ဟု ဆွေးနွေးခဲ့သည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အထူးကုန်စည်ခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းပြုလုပ်ရာတွင် ထိုသို့ပြင်ဆင်သတ်မှတ်ခြင်းကြောင့်ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးကို နှိုင်းယှဉ်လေ့လာ သုံးသပ်ပြီးမှသာ စနစ်တကျလုပ်သင့်ကြောင်း မှတ်ချက်ပြုထားကြောင်း၊ အစီရင်ခံစာတင် သွင်းခဲ့သည့်ကာလဖြစ်သည့်၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ အထူးကုန်စည်နှုန်းထားများ လျှော့ပေါ့ သတ်မှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍  စီးကရက်အပေါ်ကောက်ခံသည့် အခွန်နှုန်းထားများကို ၂၀၁၇ ခုနှစ် ဥပဒေနှင့် နှိုင်းယှဉ်ပြထားသည်ကို တွေ့ရကြောင်း၊ အဆိုပါနှိုင်းယှဉ်ချက်အရ ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေ နှင့်အညီ ကျပ် ၅၀၀ တန်စီးကရက်တစ်ဘူးအပေါ် ကောက်ခံသည့်အထူးကုန်စည်ခွန်သည် ကျပ် ၁၈၀ ကျသင့်မည်ဖြစ်သော်လည်း ၂၀၁၈ ခုနှစ် ဥပဒေတွင် တစ်လိပ် လေးကျပ်နှုန်းနှင့် ကျပ် ၈၀ သာကျသင့်သည်ကို တွေ့ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောကြားသည်။

အရက်၊ ဘီယာ၊ ၀ိုင်၊ ဆေးလိပ်စတဲ့ကုန်စည်တွေကို အထူးကုန်စည်ခွန်တွေအဖြစ် သီးသန့်ခွဲထုတ်ပြီး မြင့်မားတဲ့အခွန်နှုန်းနဲ့ ကောက်ခံခြင်းဟာ နိုင်ငံတော်ဘဏ္ဍာပိုမိုရရှိရေးနဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ကျန်းမာရေးကို မထိခိုက် စေဖို့ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စတဲ့ ကုန်စည်တွေအပေါ် စည်းကြပ်ကောက်ခံမယ့် အထူးကုန်စည်ခွန်နဲ့ပတ်သက်လာရင် အခွန် နှုန်းပြောင်းလဲလိုက်လို့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေလား။ ပိုပြီးထိခိုက် သွားစေသလားဆိုတာကို အလေးအနက်ထား စဉ်းစားချင့်ချိန်ပြီး မူလရည်ရွယ်ချက်ကနေ သွေဖည်မသွားအောင် မှန်မှန်ကန်ကန် ပြဋ္ဌာန်းနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ် ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်း နိုင်က ဆွေးနွေးခဲ့သည်။

စီးကရက်နှင့်ပတ်သက်ပြီး အခွန်နှုန်းထားများကို ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြှင့်တင်ထားလေ့ရှိကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့်မူ အထူးကုန်စည်ခွန်အဖြစ် ကောက်ခံရာတွင် ၃၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ လက်ရှိအထူးကုန်စည်ခွန်အဖြစ် ကောက်ခံရာတွင် ပျမ်းမျှခြင်း ရာခိုင်နှုန်း ၃၀ ခန့်သာရှိသည်ကို တွေ့ရကြောင်း၊ ဆေးပေါ့လိပ်အတွက် အခွန်ကောက်ခံမှုသည် နှစ်ရာ ခိုင်နှုန်းခန့်သာရှိသည့်အတွက် ကမ္ဘာပေါ်တွင် အနည်းဆုံးကောက်ခံမှုဟု ပြောရမည်ထင်ကြောင်း၊ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့် ကုန်ပစ္စည်းများသုံးစွဲခြင်းကို လျှော့ချ နိုင်ရန်နှင့် အခွန်တိုးမြှင့်ကောက်ခံလိုက်ပါက  လက်ရှိဆေးလိပ်စွဲနေသူများနှင့် ယခုမှစပြီး လက်တည့်စမ်းမည့် မျိုးဆက်သစ်လူငယ်လူ ရွယ်များအပေါ်တွင် ပိုပြီးအကျိုးသက်ရောက် မှုရှိသည်ဆိုခြင်းကို သုတေသနစာတမ်းများအရ သိရကြောင်း ဦးတင်ထွန်းနိုင်က ဆွေးနွေးခဲ့သည်။


READ NEXT
Cancel OK