Top News

ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းမပြုရန်အတွက် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအနီးတွင် ဖွင့်လှစ်ထားသော ကရင်နီပြည်လူငယ်များ၏ သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖယ်ရှားပြီး လူငယ် ၂၀ အား ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်
24htopnews | October 12, 2024 3:12 PM CST

ဗိုလ်ချုပ်ရုပ်တုစိုက်ထူခြင်းမပြုရန်အတွက် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအနီးတွင် ဖွင့်လှစ်ထားသော ကရင်နီပြည်လူငယ်များ၏ သပိတ်စခန်းကို ဖေဖော်ဝါရီ ၁ ရက်တွင် ရဲတပ်ဖွဲ့ဝင် ၇၀ ခန့်ဖြင့်ဖယ်ရှားခဲ့ပြီး လူငယ် ၂၀ အား ငြိမ်းစုစီပုဒ်မဖြင့် မြို့နယ် စခန်းမှူး ဒုရဲမှူးဝင်းဌေးက တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူကြောင်း သိရသည်။

ပုဒ်မ ၁၉ နဲ့ ယောက်ျားလေး ၁၃ ယောက်၊ အမျိုးသမီး ခုနစ်ယောက် စုစုပေါင်း အယောက် ၂၀ ပေါ့။ ကျွန်တော်တို့ သပိတ် အရင်ဆုံး မြို့နယ်စခန်းမှူးက တရားစွဲထားတဲ့ သပိတ်ဦးဆောင်ကော်မတီကို ရဲစခန်း တစ်ချက်လိုက်ခဲ့ပါဆိုတော့ လိုက်ခဲ့တော့ နောက်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့ရဲဘော်ရဲဘက်တွေ သပိတ်ဖြိုခွဲတယ်။ ကျွန်တော်တို့အလံကို ရုပ်သိမ်းတယ်။ ဆွဲဖြုတ်တယ်ပေါ့။ ကျန်ခဲ့တဲ့ သပိတ်ထိုင်သူ တစ်ဝက်လောက်ကို ဖမ်းဆီးတယ်။ ရဲစခန်းထဲခေါ်သွားပြီး ပုဒ်မ ၁၉ နဲ့ ကျွန်တော်တို့နဲ့အတူ တစ်ပါတည်း တရားစွဲလိုက်တာပေါ့ ဟု ကရင်နီလူငယ်တစ်ဦးဖြစ်သူ ခွန်းမျိုးလှိုင်က ပြောကြားသည်။

လူငယ်များဆန္ဒထုတ်ဖော်ရာပန်းခြံသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာအချို့မှ တာဝန်ရှိသူများ အပြင် ရဲတပ်ဖွဲ့ဝင် ၇၀ ခန့် လာရောက်၍ လုံခြုံရေး ယူထားကြပြီးနောက် ဇန်နဝါရီ ၂၉ ရက် နေ့စွဲဖြင့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသော အမိန့်စာပေးပြီးကာ ယခုလိုဖယ်ရှားခြင်းဖြစ် ကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက်တွင်  ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိရန် ပန်းခြံအတွင်း သယ်ဆောင်လာစဉ် လူငယ်များက တားမြစ်ခဲ့ကြောင်း သိရပြီး ယင်းသို့တားမြစ်ခဲ့သော်လည်း အတင်းအကြပ်ပြုလုပ်ပြီး စိုက်ထူခဲ့ကြောင်း သိရသည်။

ယင်းနောက် လူငယ်ခေါင်းဆောင်အချို့က ပြည်နယ်အစိုးရရုံးသို့ သွားရောက်ပြီး ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာ ဝန်ကြီးချုပ်က စီမံဘဏ္ဍာဝန်ကြီး ဦးဆောင်သည်ဟု ပြောဆိုသဖြင့် စီမံဘဏ္ဍာဝန်ကြီးနှင့် ထပ်မံတွေ့ဆုံရာ ပြည်သူတစ်ဦးဖြစ်သော ဦးခွန်ဒီးက ဦးဆောင်သည်ဟုဖြေဆိုကြောင်း၊ ဦးခွန်ဒီးမှာ NLD ပါတီဝင်ဖြစ်ကြောင်း လူငယ်ခေါင်းဆောင် ကိုကျော်ထင်အောင်ထံမှ သိရသည်။

ပြည်ထောင်စုအစိုးရက ကန့်ကွက်သူများရှိပါက ညှိနှိုင်းရန်ညွှန်ကြားထားသော်လည်း ပြည်နယ်ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးမော်မော်နှင့် NLD ပါတီဝင်များက ဇန်နဝါရီ ၂၉ ရက်တွင် မြို့ပြင်မှသယ်ဆောင်လာသော လမ်းတစ်လျှောက်တွင် ရပ်ကွက် နာရေးကူညီမှုယာဉ်များ၊ NLD ပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဗိုလ်ချုပ် ကြေးရုပ်တုထားရှိမည့်ပန်းခြံသို့ လိုက်ပါပို့ ဆောင်ကြပြီး ပန်းခြံတွင် ကရင်နီလူငယ်များ လာရောက်ပြီးနောက် လုံခြုံရေးအင်အားများ ထပ်တိုးချထားကြောင်း သိရသည်။

ကရင်နီလူငယ်များက (၁)ရုပ်တုအား ဖျက်သိမ်းပေးရန်၊ (၂) မဖြစ်မနေ ရုပ်တုတည်ရမည်ဆိုပါက လူထုဆန္ဒခံယူရန်နှင့် (၃) NLD ပါတီအနေဖြင့် မဖြစ်မနေလုပ်ရမည်ဆိုပါက  အများပြည်သူပိုင်နေရာတွင် စိုက်ထူခြင်းမပြုဘဲ NLD  နှင့် သက်ဆိုင်ရာနေရာများတွင်သာ စိုက်ထူရန်နှင့် ပရဟိတအဖွဲ့နှင့်ဆိုင်ပါက ပရဟိတနှင့် သက်ဆိုင်ရာနေရာများတွင်သာ စိုက်ထူရန် စသည်ဖြင့်တောင်းဆိုခဲ့သည်။

ထို့ပြင် ကရင်နီလူငယ်များက နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့သည့်အပြင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်အတွက် အသုံးပြုထားသော ကျပ် သိန်း ၁၁၀၀ ကျော်ကို ရှင်းလင်းပေးရန်အတွက် တောင်းဆိုထားကြောင်း သိရသည်။

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရာ ပန်းခြံအတွင်း လုံခြုံရေးရဲဝန်ထမ်းများ ချထားသည့်အပြင် ပရဟိတအဖွဲ့လူငယ်များနှင့် ပါတီဝင်လူငယ်များကိုလည်း ကင်းချထားသည်ကိုတွေ့ရ ကြောင်း သိရသည်။

ကရင်နီသမိုင်းအမှန်စာရွက်ဖြန့်ဝေသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများက တရားလိုပြုလုပ်၍ မြို့နယ် ငါးမြို့နယ်ရှိ တရားရုံးအသီးသီး၌ ပုဒ်မ ၅၀၅( ခ)၊ (ဂ) ဖြင့် လွိုင်ကော်တရားရုံးတွင်လည်းကောင်း၊ ပုဒ်မ ၅၀၅(ခ)ဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့တရားရုံးတို့တွင် စုစုပေါင်း လူငယ်ကိုးဦးကိုလည်းကောင်း၊ လွိုင်ကော်တရားရုံးတွင် ဗိုလ်ချုပ်ရုပ်တု မတည်ဆောက်ရန် ဆန္ဒထုတ်ဖော်သဖြင့် ငြိမ်းစုစီပုဒ်မဖြင့် လည်းကောင်း ကရင်နီလူငယ် ၁၃ ဦးမှာ ၂၀၁၈ ခုနှစ် ဇူလိုင်ကတည်းက တရားရင်ဆိုင်နေကြရကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၆ ရက်မှစ၍ ကယားပြည်နယ်တွင် မယ်စဲ့၊ ဖားဆောင်း၊ ဖရူဆို၊ ဒီးမော့ဆို၊ ရှားတော၊ လွိုင်ကော်စသည့်မြို့နယ်များသို့လည်းကောင်း၊ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံမြို့များသို့ ဗိုလ်ချုပ်ရုပ်တုတည် ဆောက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် ကရင်နီသမိုင်းအမှန်ကို ရေးသားထားသောစာများ ဖြန့်ချိခဲ့ကြောင်း၊ အိတ်ဖွင့်ပေးစာတစ်စောင်ကို ကယားပြည်နယ်အစိုးရသို့ ဇွန် ၁၈ ရက် တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

လက်ရှိ ကယားပြည်နယ်သည် ယခင်က ကရင်နီပြည်နယ်အဖြစ် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာတည်ရှိခဲ့သည်ကို ၁၈၇၅ ခုနှစ် ဇွန် ၂၁ ရက်တွင် ဗမာဘုရင် ကိုယ်စားလှယ် ကင်းဝန်မင်းကြီးဦးကောင်း နှင့် အင်္ဂလိပ်အစိုးရဘက်မှ ဆာဒေါက်ကလပ် ဖောဆစ်တို့ လက်မှတ်ရေးထိုးခဲ့သည့် သမိုင်း မှတ်တမ်းအထင်အရှားရှိကြောင်း၊ ယင်းအခြေအနေ မတိုင်မီက ကရင်နီပြည်သည် နယ်လေးနယ်ဖြင့် မိမိတို့၏ စောဖျာများအုပ်ချုပ်၍ မည်သူကိုမျှ ကျူးကျော်ခြင်းမပြုခဲ့ဘဲ ဗမာ ဘုရင်နှင့် ဆက်ဆံရေးရှိခဲ့ပြီး လက်အောက်ခံ မဟုတ်ကြောင်း ကရင်နီသမိုင်းစာအုပ်များမှ သိရသည်။                      

 

 


READ NEXT
Cancel OK