စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တကားကျေးရွာရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင် စီ-ကပ်ပလန်(NCSN-K) ၏ ဗဟိုဌာနချုပ်အား တပ်မတော်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက် တပ်ရင်းအချို့က ဝင်ရောက်နေရာယူသဖြင့် ရှောင်ပေးခဲ့ရကြောင်း NCSN-K ငြိမ်းချမ်းရေးကော်မတီဝင် ဦးကျော်ဝမ်းစိန်၏ ပြောကြားချက်အရ သိရသည်။
NCSN-K ဗဟိုဌာနချုပ်ကို ဇန်နဝါရီ ၂၉ ရက်က တပ်မတော်စစ်ကြောင်းများ ရောက်ရှိလာခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုမရှိဘဲ ရှောင်ပေးလိုက်ကြောင်း ဦးကျော်ဝမ်းစိန်က ပြောကြားသည်။
“NCSN-K ဗဟိုဌာနချုပ်ကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၁ နာရီလောက်က စခန်းထဲကိုဝင်ပြီးတော့ နေရာယူထားတယ်။ ကျွန်တော်တို့ရဲ့ NCSN-K ဌာနချုပ်ပါ။ တပ်မတော်ဘက်က တပ်ရင်း ၆ ရင်းလို့တော့ ပြောတယ်။ တပ်မတော်ဘက်က အင်အား ၄၀၀ နဲ့ ၅၀၀ လောက်ရှိမယ်လို့ ပြောတယ်။ ကျွန်တော်တို့ NCSN-K က ငြိမ်းချမ်းရေးမှာ အပစ်ခတ်ရပ်စဲရေးရှိတယ်။ အပစ်ခတ်ရပ်စဲရေး ရှိတဲ့အခါကျတော့ ကျွန်တော်တို့ NCSN-K ရှိတဲ့နေရာမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်က လက်နက်ကိုင် သူပုန်တွေ ခိုအောင်းတယ်ဆိုပြီးတော့မှ အိန္ဒိယဘက်ကနေ အဲလိုပြောတယ်လို့ပြောတယ်။ သူတို့က အဲဒီလက်နက်ကိုင် သူပုန်တွေကို နယ်မြေရှင်းလင်းဖို့ရာအတွက် ရောက်လာတယ်ဆိုပြီးတော့ ရှေ့တန်းက စစ်ကြောင်းမှူးတွေ ပြောကြားချက်အရ အဲလိုသိရတယ်။ ကျွန်တော်တို့ NCSN-K နဲ့ မြန်မာ့တပ်မတော်တို့ကြားမှာ ပစ်ခတ်တာတွေမရှိဘူး။ ကျွန်တော်တို့ NCSN-K ဗဟိုဌာနချုပ်ကို ရှောင်ပေးလိုက်တယ်” ဟု ဦးကျော်ဝမ်းစိန်က ပြောကြားသည်။
NCSN-K နာဂလက်နက်ကိုင်ဗဟိုဌာနချုပ် တည်ရှိသည့်နေရာ၌ ယခင်က အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်မှ လက်နက်ကိုင်များ ရှိခဲ့ဖူးကြောင်း၊ ယနေ့အချိန်တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်မှ လက်နက်ကိုင်များ မရှိကြောင်း၊ NCSN-K နှင့်မြန်မာ့တပ်မတော်ကြား ပစ်ခတ်မှုမဖြစ်စေချင်ဘဲ ငြိမ်းချမ်းရေးအတွက် ထိခိုက်မည်ကိုလည်း စိုးရိမ်မိကြောင်းနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားမည်ဆိုပါက ဒေသခံများသည် ဖယိုဖရဲဖြစ် သွားမည်ကိုလည်း စိုးရိမ်မိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာ့တပ်မတော်ဘက်မှ NCSN-K နာဂလက်နက်ကိုင် ဗဟိုဌာနချုပ်တစ်ခုတည်းကိုသာ ရယူထားခြင်းဖြစ်ပြီး NCSN-K ၏ အခြားနေရာများကိုမူ ရယူခြင်းမပြုကြောင်းနှင့် NCSN-K ဘက်မှ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးသန်းနိုင်ထံ ဆက်သွယ်မေးမြန်းရာတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ရန် ပြောကြားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျွန်တော်တို့ လုံခြုံရေး ဆောင်ရွက်နေတာတော့ရှိတယ်။ အချိန်တန်ရင်တော့ သတင်းထုတ်ပြန်ပေးပါ့မယ်။ အခုတော့ အဲလောက်ပဲပြောနိုင်ပါမယ်” ဟု ပြောကြားသည်။
NCSN-K ုအဖွဲ့သည် မြန်မာ-အိန္ဒိယ နယ်စပ်တွင် အခြေစိုက်သည့် အဖွဲ့ဖြစ်ပြီး မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက်ငါးချက်ကို ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လက်မှတ်ရေးထိုးထားသည်။
NCSN-K သည် ပြည်ထောင်စုအဆင့် သဘောတူညီချက်နှင့် NCA တွင် လက်မှတ်ရေးထိုးရခြင်းမရှိသေးဘဲ နာဂလူမျိုးများ၏ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံစလုံးတွင် နေထိုင်နေမှုအရ ၎င်းတို့၏ နိုင်ငံရေးအခြေအနေမှာလည်း မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံလုံးနှင့် သက်ဆိုင်လျက်ရှိပြီး အိန္ဒိယနယ်ခြားစောင့်တပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
NCSN-K သည် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်များနှင့် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂလူမျိုးများ နေထိုင်ရာဒေသများကို တစ်စုတည်းတည်ဆောက်နိုင်ရေး ကြိုးပမ်းနေသည့်အဖွဲ့ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
