Top News

London Football Awards ဆုပေးပွဲတွင် စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် ပရီးမီးယားလိဂ်အကောင်းဆုံးဘောလုံးသမားဆု ရရှိ
24htopnews | October 13, 2024 3:12 AM CST

လန်ဒန်အခြေစိုက်ကလပ်အသင်းများမှ ကစားသမားများကို သီးသန့်ရွေးချယ်၍ ဂုဏ်ပြုချီးမြှင့်သော London Football Awards ဆုပေးပွဲကို ကြာသပတေးနေ့က ကျင်းပပြုလုပ်ခဲ့ရာ စပါးအသင်းမှ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်သည် ပရီးမီးယားလိဂ်အကောင်းဆုံးဘောလုံးသမားဆု ရရှိခဲ့ကြောင်း သိရသည်။

ဆွန်ဟောင်မင်သည် အသင်းဖော် ဟာရီကိန်း၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း၊ ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်တို့နှင့် အဓိကပြိုင်ဆိုင်ခဲ့ရပြီး အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။

 

ဆွန်ဟောင်မင်သည် ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းနှင့်အတူ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့သလို၊ ပြီးခဲ့သည့်ရာသီတွင် စပါးအသင်းအတွက် (၁၆)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၉) ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြနိုင်ခဲ့သည်။ 

ထို့ကြောင့် လန်ဒန်အခြေစိုက် အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ဆုရွေးချယ်ရာတွင် ပရီးမီးယားလိဂ်ဘောလုံးသမား များပါဝင်သည့် ကျွမ်းကျင်သူ(၂၂)ဦးက မဲပေး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို စပါးအသင်းနည်းပြ ပိုချက်တီနိုက ရရှိခဲ့သည်။ 

    

လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ဘရန့်ဖို့ဒ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး   နီးလ်မော်ပေးက ရရှိခဲ့ကြောင်းလည်း သိရသည်။ 

အကောင်းဆုံးသွင်းဂိုးဆုကို မန်စီးတီးအသင်းအား ခရစ္စတယ်ပဲလေ့စ်အသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် သွင်းယူခဲ့သော တောင်ဆန်၏ဂိုးကို ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။ 

London Football Awards ဆုပေးပွဲမှာ လန်ဒန်အခြေစိုက်ကလပ်အသင်းများ များပြားသည့်အတွက် ပရိသတ်စိတ်ဝင်စားသည့် ဆုပေးပွဲတစ်ခုဖြစ်သလို၊ နာမည်ကျော်နည်းပြဟောင်းများ၊ ကစားသမားဟောင်းများ တက်ရောက်သည့် ဆုပေးပွဲတစ်ခုလည်းဖြစ်သည်။ 

 


READ NEXT
Cancel OK