Top News

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်ကူညီရန် အခက်အခဲရှိနေ
24htopnews | October 14, 2024 3:12 AM CST

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ သွားရောက်ကူညီရန် အခက်အခဲရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA Myanmar) က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအကြား လက်နက်ကိုင်ပဋိပက္ခမှာ နိုင်ငံတစ်ဝန်း၌ ဆက်လက်ဖြစ်ပွားခဲ့သည့်အတွက် အရပ်သားကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာကြောင်း ဖော်ပြထားသည်။  

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ပြင်းထန်သော တိုက်ပွဲများ မြင်တွေ့ခဲ့ရပြီး ဇူလိုင်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့ကြောင်း OCHA Myanmar က ဆိုသည်။ 

အလားတူ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းတွင် ဇွန်လကုန်မှစ၍ တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက် ပြေးခဲ့ရကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အစားအသောက်နှင့် ဆေးဝါးပစ္စည်းများအပါအဝင် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားသောကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများအပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတနံတလျားက ထိခိုက်ခံစားရသူများထံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်အကူအညီပေးရန် အခက်အခဲများ ရှိနေကြောင်း OCHA Myamar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တင်းမာမှုများ မြင့်တက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေရပ်စွန့်ခွာမှုအသစ်များ ဖြစ်ပေါ်နေပြီး ထိခိုက်ခံစားရသူများထံ အကူအညီများပေးရန် ကန့်သတ်ချက်များရှိနေကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ နှင့် ယင်းမတိုင်မီ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃၄၆,၀၀၀ (ရခိုင်ပြည်နယ်က အများဆုံးဖြစ်) အပါအဝင် ဇူလိုင် ၂၅ ရက်အထိ မြန်မာနိုင်ငံ တစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ စုစုပေါင်း ၁ ဒသမ ၂ သန်းကျော် ရှိလာပြီ ဖြစ်ကြောင်း OCHA Myanmar က ဆိုသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် လူဦးရေ ၄၁,၉၀၀ သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK