အွန်လိုင်းမှတစ်ဆင့် ပြုလုပ်မည့် ဒီမိုကရေစီညီလာခံတွင် ထိုင်ဝမ်ကို တက်ရောက်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဖိတ်ကြားခဲ့မှုကို တရုတ်က နိုဝင်ဘာ ၂၄ ရက်တွင် ပြင်းထန်စွာဝေဖန်ခဲ့သည်။
“ဒီမိုကရေစီ ညီလာခံလို့ခေါ်တဲ့ အဲဒီညီလာခံမှာ ထိုင်ဝမ်အာဏာပိုင်တွေကို ပါဝင်တက်ရောက်စေဖို့ အမေရိကန်ရဲ့ ဖိတ်ကြားချက်ကို တရုတ်အနေနဲ့ ပြင်းထန်စွာဆန့်ကျင်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်က ပြောကြားခဲ့ပြီး ထိုင်ဝမ်သည် တရုတ်၏ ထာဝရနယ်နိမိတ်တစ်ခုဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နိုင်ငံ ၁၀၀ ကျော်နှင့် ဒီမိုကရေစီ ညီလာခံပြုလုပ်ရန် စီစဉ်ခဲ့ပြီး ယင်းညီလာခံတွင် ထိုင်ဝမ်ကို ဖိတ်ကြားခဲ့သဖြင့် ယင်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားသည့် စာရင်းတွင် ပါဝင်ခြင်းမရှိသည့် တရုတ်ကို ဒေါသထွက်စေခဲ့သည်။
ယင်းညီလာခံသည် ဒီမိုကရေစီအစိုးရများနှင့် အာဏာရှင်နိုင်ငံများအကြား ရုန်းကန်ခဲ့ရသည့် ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးမှု ကတိကဝတ်ဖြစ်ပြီး ၎င်း၏ နိုင်ငံခြားရေးမူဝါဒ၏ အဓိကအချက်တစ်ခုဖြစ်သည်။
Summit for Democracy ဟု အမည်ပေးထားသည့် ယင်းညီလာခံကို ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမည်ဖြစ်ပြီး လူကိုယ်တိုင်တက်ရောက်မည့် ညီလာခံကိုမူ ၂၀၂၂ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။
ယင်းညီလာခံကျင်းပမည့် အစီအစဉ်ကို ကြေညာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဖိတ်ကြားမည့် နိုင်ငံစာရင်းကို နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားရေးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဖိတ်ကြားမည့် နိုင်ငံများစာရင်းတွင် အမေရိကန်၏ အဓိကပြိုင်ဘက်များဖြစ်သည့် တရုတ်နှင့် ရုရှား ပါဝင်ခြင်းမရှိခဲ့ဘဲ လွတ်လပ်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရခြင်း မရှိသော်လည်း ဒီမိုကရေစီကျင့်သုံးနေသည့် ထိုင်ဝမ်ကိုမူ ညီလာခံကို ဖိတ်ကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို နိုင်ငံတကာနှင့် အဆက်အသွယ်ဖြတ်ထားရန် ကြိုးပမ်းနေပြီး ထိုင်ဝမ်ဟူသည့် အမည်ကို တရားဝင်အသုံးပြုမှုကို ဟန့်တားနှောင့်ယှက်နေကာ ထိုင်ဝမ်သည် ၎င်း၏ နယ်နိမိတ်ဖြစ်ကြောင်း ကြေညာခဲ့ပြီး တစ်ချိန်ချိန်တွင် လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ကြုံးဝါးခဲ့သဖြင့် အမေရိကန်၏ ယခုလှုပ်ရှားမှုသည် တရုတ်နှင့် တင်းမာမှုများကို ပိုမိုမြင့်တက်စေမည့် အခြေအနေကို ပေါ်ပေါက်စေခဲ့သည်။
ယင်းညီလာခံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကျင့်သုံးမှုတွင် ဝေဖန်မှုများနှင့် ခံနေရသည့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီဟု သတ်မှတ်ခံထားရသည့် အိန္ဒိယနိုင်ငံကို ဖိတ်ကြားခဲ့သည်။
ထိုင်ဝမ်ကမူ ဒီမိုကရေစီညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည့် အမေရိကန်သမ္မတ ဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ယင်းညီလာခံတွင် ထိုင်ဝမ်အနေဖြင့် မိမိတို့၏ ဒီမိုကရေစီအောင်မြင်မှုဖြစ်စဉ်ကို မျှဝေသွားမည်ဖြစ်ပြီး ထိုင်ဝမ်သည် ကမ္ဘာ့စင်မြင့်ထက်တွင် အများ၏ယုံကြည်မှုကို ရရှိနိုင်စွမ်းရှိသည်ကို ပြသသွားမည်ဟု ထိုင်ဝမ် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဇာဗီယာချန်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
