Top News

ကျောက်ကြီးမြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါးကို လက်သီးဖြင့်ထိုးသော အမျိုးသားအား အမှုဖွင့်
24htopnews | October 15, 2024 11:12 AM CST

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌ မတ် ၇ ရက်နံနက်ပိုင်းက တောင်ငူတန်းရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား ကျောင်းရှေ့နေထိုင်သူ အမျိုးသားတစ်ဦးက လက်သီးဖြင့်ထိုးသဖြင့် အဆိုပါ အမျိုးသားအား အမှုဖွင့် အရေးယူထားကြောင်း ကျောက်ကြီးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ကြီးမြို့ မစခန်းမှူးဒုရဲမှူး သိန်းစိုးဦးက “ဆရာတော်က သူ့ကျောင်းကနေပြီးတော့ ရပ်ကွက်ထဲ အလှူအိမ်ကြွဖို့သွားတာ အဲဒီတော့ သူ့ကျောင်းဘေးမှာနေတဲ့ အောင်ကိုသန်းဆိုတဲ့ကောင်က လှေကားနားမှာထိုင်နေရင်းနဲ့ ထထိုးလိုက်တာပေါ့။ သူ့ကို ပုဒ်မ ၃၂၅/၂၉၅ -က နဲ့ အမှုဖွင့်ထားတယ်။ ဘာလို့ထိုးလဲဆိုတော့ အစကတည်းက မတည့်ဘူးပေါ့ဗျာ။ အဲဒီ အောင်ကိုသန်းတို့ သားအမိက သူ့ကျောင်းဘေးမှာနေတယ်။ သူတို့က နဂိုကတည်းက မတည့်တဲ့ဟာလေးတွေ ရှိမှာပေါ့နော့။ အဲဒါကြောင့်မို့လို့ပါ ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ မတ် ၇ ရက်နံနက် ၈ နာရီခွဲခန့်က ကျောက်ကြီးမြို့ တောင်ငူတန်းရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဆရာတော်ဥူးပဏ္ဍိတသည် ရပ်ကွက်အတွင်းရှိ အလှူအိမ်သို့ ဆွမ်းစားကြွရန် ဘုန်းကြီးကျောင်းပေါ်မှ ဆင်းလာစဉ် ကျောင်းဘေးခြံစည်းရိုးနှင့် ကပ်လျက်နေထိုင်သည့် အောင်ကိုသန်း ၃၁ နှစ် (ဘ) ဦးမောင်ကိုမှာ ဘုန်းတော်ကြီးကျောင်း စောင်းတန်းအုတ်ထိုင်ခုံတွင် ထိုင်နေရာမှ ရုတ်တရက်ထလာပြီး ဆရာတော်အား လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ကြီးမြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

လက်သီးဖြင့် အထိုးခံရသဖြင့် ကျောင်းထိုင်ဆရာတော် ဥူးပဏ္ဍိတတွင် ဝဲမျက်ခုံးထက်ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲနားရွက်နောက်ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဦးခေါင်းနောက်စေ့ အပေါ်ပွန်းရှဒဏ်ရာ တစ်ချက်၊ နောက်ကျောပြင် ခါးအလယ် ပွန်းရှဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် ကျောက်ကြီးမြို့နယ် ပြည်သူဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ) ဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ရဲစခန်း၏ စစ်ဆေးချက်များအရ လက်သီးဖြင့်ထိုးသော အောင်ကိုသန်းသည် ၂၀၁၈ ဇွန် ၁၃ ရက်က ဆရာတော်ဥူးပဏ္ဍိတအား ညစ်ညမ်းစွာ ဆဲဆိုခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါကျောင်း ဂေါပက ဥက္ကဋ္ဌက အမှုဖွင့်တိုင်တန်းခဲ့ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄/၂၉၅ (က) အရ အမှုဖွင့်အရေးယူခံရ၍ တရားရုံးတော်မှ ထောင်ဒဏ်နှစ်လချမှတ်ခံခဲ့ရဖူးသူဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ခဲ့ဖူးသဖြင့် အောင်ကိုသန်းက မကျေနပ်ချက်ရှိသူ ဖြစ်နေသောကြောင့် ဆရာတော်အား လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ကြီးမြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော်အား ဒဏ်ရာများရရှိစေရန် ပြုလုပ်ပြီး သာသနာအားညှိုးနွမ်းစေရန် ပြုလုပ်ခဲ့သူ အောင်ကိုသန်းအား ဥပဒေအရ အရေးယူပေးပါရန် ကျောင်းဂေါပကဥက္ကဋ္ဌဖြစ်သူ ဦးဖိုးနီက တရားလိုပြုလုပ် တိုင်တန်းခဲ့သောကြောင့် ကျောက်ကြီးမြို့မ ရဲစခန်းမှ (ပ) ၁၉/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅/၂၉၅ ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

 


READ NEXT
Cancel OK