Top News

ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်
24htopnews | October 15, 2024 11:12 AM CST

ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက် အစီရင်ခံစာအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးခဲ့သည်။

မတ် ၈ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ မှ ၁၃၉ အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ညီညွတ်မှုမရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ (ခ၊ ဂ၊ ဃ၊ င) ပါ အချက်များအပေါ် မည်ကဲ့သို့ပြင်ဆင် သင့်ကြောင်း ပြင်ဆင်ချက်ဇယားဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးရမည် ဖြစ်သော်လည်း ဥပဒေမူကြမ်း စိစစ်ချက် ဇယားမပါရှိကြောင်း တွေ့ရှိရသဖြင့် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအပေါ် ကန့်ကွက်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးတင်ထွန်းအောင်က ဆွေးနွေးခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးဟန်က “ပုဒ်မ ၂၆၁ ပြင်ဆင်မယ့် ဥပဒေမူကြမ်းကို ၄၅ ဦးပါဝင်တဲ့ ကော်မတီထဲကို ထည့်သွင်းပြီးတော့ ပြင်ဆင်ရေးကို ဆက်လက် ဆောင်ရွက်မယ်ဆိုတဲ့ဟာက ဥပဒေနဲ့ မညီသလို ပြင်ဆင်ရေးအတွက်လည်း ကြန့်ကြာစေမှာဖြစ်ပါတယ်။ ဒါကို အမြန်ဆုံး ပြင်ဆင်မှသာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားအများစုရဲ့ လိုလားချက်ကို အမြန်ဆုံး ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဆောလျင်စွာ လုပ်ဆောင်ပေးရမယ့် ကိစ္စရပ်ဖြစ်သလို ဥပဒေကိုပြင်ဆင်မှုတွေအပေါ်မှာ မူတည်ပြီးတော့ တန်းတူညီမျှ အကျိုးခံစားခွင့်ကို ရရှိသွားကြမှာဖြစ်ပါတယ်။ ဥပဒေကြမ်းကိုသာ လေ့လာစိစစ်ပြီးတော့ အစီရင်ခံစာအဖြစ် တင်ပြလာမယ်ဆိုရင် အခုအချိန်မှာ ပုဒ်မ ၂၆၁ ကို ဆွေးနွေးနေကြပါပြီ။ ယခုကတော့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ့်အစား ဥပဒေနဲ့မညီတဲ့ သဘောထားမှတ်ချက်ကို ဆွေးနွေးနေကြရတာဟာ အချိန်ကုန်လူပမ်းဖြစ်သလို လွှတ်တော်၏သိက္ခာ၊ နာယကကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သိက္ခာကို အများကြီး ထိပါးစေပါတယ်။ မိမိတို့ဆောင်ရွက်နေတဲ့ ဥပဒေပြုလုပ်ငန်းတွေဟာ ပြည်သူလူထုအတွက် အချိန်နဲ့အမျှ အရေးကြီးလွန်းလှတဲ့ အတွက် ကြန့်ကြာသွားတာနဲ့အမျှ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အများကြီးထိခိုက်စေပါတယ်”  ဟု ဆွေးနွေးခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသန့်ဆွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ရေး ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာတွင် ဥပဒေမူကြမ်းအ ကြောင်း ဆွေးနွေးတင်ပြထားခြင်း မရှိသည့်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု မရှိသည်ကို တွေ့ရကြောင်း၊ ယခုပြင်ဆင်မည့် ပုဒ်မ ၂၆၁ သည် ပုဒ်မ ၄၃၆ (ခ) တွင် ပါဝင် သည့် ဥပဒေတစ်ရပ်ဖြစ်သည့်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဆောင်ပြီး အတည်ပြုရန်လိုသည့် ပုဒ်မများထဲတွင် ပါဝင်ခြင်းမရှိကြောင်း၊ လွှတ်တော်အတွင်း၌သာ မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမှု ၇၅ ရာခိုင်နှုန်းကျော်ပါက အတည်ပြု၍ရသည့် ဥပဒေတစ်ရပ်ဖြစ်ကြောင်း၊ ဥပဒေကြမ်းဆိုင်ရာ အစီရင်ခံစာကို ကိုယ်စားလှယ်များထံ ဝေငှပြီးမှ နည်းဥပဒေ ၁၃၇ အရ နာယကမှ သတ်မှတ်သည့်နေ့ရက်များတွင် ကိုယ်စားလှယ်များ ဆွေးနွေးခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ ယခုမှ စတင်ဆောင်ရွက်နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ သုံးသပ်ပြင်ဆင်မှသာ ထည့်သွင်း ဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် အချိန်များစွာ နှောင့်နှေးသွားမည်ဟု ထောက်ပြလိုကြောင်း ဆွေးနွေးခဲ့သည်။

“မိမိတို့လွှတ်တော်အတွင် ဥပဒေပြုကြ ပြင်ဆင်နေကြသူတွေဟာ မိမိတို့လိုရာကိုဆွဲ ပြီးတော့သော်လည်းကောင်း၊ ဥပဒေရဲ့ အသွားအလာပေါ်မူတည်ပြီး ကျော်ဖြတ်၍သော်လည်းကောင်း၊ ယခုတင်ပြထားတဲ့ အစီရင်ခံစာကဲ့သို့ အမှန်တကယ်ဆောင်ရွက်ကြ ရမယ့် လုပ်ငန်းစဉ်တွေကို မျက်ကွယ်ပြု၍ သော်လည်းကောင်း၊ ဆောင်ရွက်နေတာကို တွေ့ရှိရတဲ့အတွက် မိမိတို့တစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို ကိုယ်စီထိန်းသိမ်းသွားကြဖို့လိုပြီဆိုတာကို ဆွေးနွေးလိုပါတယ်။ ဥပဒေနဲ့ အညီ လုပ်ပါမယ်လို့ ကတိတွေအလီလီပေးပြီးမှကို ဥပဒေနဲ့အညီမလုပ်တဲ့ ကိုယ်စားလှယ်များ၊ နာယကများရဲ့လုပ်ရပ်ကို ဥပဒေနဲ့ မညီတဲ့အတွက် ဘယ်နည်းနဲ့မှ လက်ခံစရာအကြောင်းမရှိပါဘူး” ဟု ဗိုလ်မှူးပြည့်ဖြိုးဟန် က ဆွေးနွေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီအနေဖြင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃၊ နည်း ဥပဒေ ၁၃၅ မှ ၁၃၉ ထိနှင့် နည်းဥပဒေ ၁၄၂၊ ၁၄၃ တို့အရသာ ပြန်လည်ဆောင်ရွက်သွားနိုင်ရန် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်ထွန်းအောင်က တိုက်တွန်းဆွေးနွေးသည်။   

 

 


READ NEXT
Cancel OK