Top News

ပြည်ထောင်စုထဲတွင် မတူကွဲပြားမှုများကို ညှိနှိုင်း၍ ညီညီညွတ်ညွတ်နှင့် အေးအေးချမ်းချမ်းဖြစ်အောင် နေနိုင်သည့်စွမ်းအင် ရှိခြင်းသည် အားလုံးအတွက် ဂုဏ်ယူစရာကိစ္စဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
24htopnews | October 15, 2024 11:12 AM CST

ပြည်ထောင်စုထဲတွင် မတူကွဲပြားမှုများ ကို ညှိနှိုင်း၍ ညီညီညွတ်ညွတ်နှင့် အေးအေး ချမ်းချမ်းဖြစ်အောင် နေနိုင်သည့် စွမ်းအင်ရှိခြင်းသည် အားလုံးအတွက် ဂုဏ်ယူစရာကိစ္စဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော် ခန်းမဆောင်တွင် မတ် ၈ ရက်က မုံရွာလူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူမျိုးရေးမတူညီခြင်း၊ ကိုးကွယ်သည့် ဘာသာ မတူညီခြင်း၊ ပြောဆိုသည့် ဘာသာ စကား မတူညီခြင်းရှိသော်လည်း အားလုံး သင့်သင့်မြတ်မြတ် နေတာကို တွေ့မြင်ရသည့်အတွက် စိတ်ချမ်းသာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒီလို အထင်ကြီးခံရကျိုးနပ်အောင် နေတတ်ရမယ်။ ကိုယ့်ချီးမွမ်းခံရကျိုးနပ်အောင် နေတတ်ရမယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ရဲ့ ပြည်သူ၊ ပြည်သားတွေဟာ အများကြီး ကောင်းတဲ့ဘက်မှာ ရှိပါတယ်။ ကောင်းတဲ့ ဘက်တွေကို ချီးမွမ်းလို့ရှိရင် ကောင်းတဲ့ဘက်တွေ ပိုပြီးတော့ ရှင်သန်လာအောင်လို့ ပိုပြီးတော့ အင်အားကြီးလာအောင် နေစေချင်ပါ တယ်။ ကျွန်မ မုံရွာမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် စိတ်ချမ်းသာဆုံးကိစ္စကတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေအားလုံး ခင်ခင်မင်မင် အေးအေးချမ်းချမ်းနဲ့ နေနေတာပါပဲ။ လူမျိုးရေးတွေမတူကြဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ မတူကြဘူး။ ပြောဆိုတဲ့ ဘာသာ စကားတွေ မတူကြဘူး။ ဒါပေမဲ့ အားလုံး သင့်သင့်မြတ်မြတ်နဲ့ အေးအေးချမ်းချမ်းနဲ့ နေနေတာကို တွေ့လို့ ကျွန်မ အင်မတန်မှ စိတ်ချမ်းသာတယ်။ အင်မတန်မှ ဂုဏ်ယူတယ်။ ဒါဟာ ကျွန်မတို့ရဲ့နိုင်ငံပဲ။ ဒါဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုပဲ။ ပြည်ထောင်စုထဲမှာ မတူကွဲပြားမှုတွေကို ညှိနှိုင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်းဖြစ်အောင် နေနိုင်တဲ့ စွမ်းအင်ရှိတယ်ဆိုတာ ဒါကျွန်မတို့အားလုံးအတွက် ဂုဏ်ယူစရာကိစ္စဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် မုံရွာသို့လာပါက အထက်ပါကိစ္စရပ်ကြောင့် များစွာ စိတ်ချမ်းသာရကြောင်း ဆက်လက်ပြီး ယင်းသို့နေနိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားသည်။

လူ့ဘဝသည် စိန်ခေါ်မှုတို့ဖြင့် အမျိုးမျိုး ရင်ဆိုင်ရကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ပြဿနာများဟု မြင်မလား၊ အခွင့်အရေးများဟု မြင်မလားဆိုသည်မှာ မိမိတို့ပေါ်တွင် မူတည်ကြောင်း၊ မီးမရှိသည့်အခါတွင် ဖယောင်းတိုင်မီးများ ထွန်းလိုက်ပါက စိန်ခေါ်မှုသည် ပြဿနာမဟုတ်ဘဲ အခွင့်အရေးတစ်ခုဖြစ်သွားကြောင်း၊ ညီညွတ်မှုအင်အားကိုလည်း ပြနိုင်သည့် အခွင့်အရေးဖြစ်သွားကြောင်း၊ ဖယောင်းတိုင်များ အားလုံးစုလိုက်ပါက လျှပ်စစ်မီးထက်မက လင်းသည်ဟုလည်း ပြသနိုင်ကြောင်း၊ မည်သည့်အမှောင်ထုပင်ရှိရှိ ညီညွတ်မှုဖြင့် ကျော်လွှားနိုင်သည်ကို ပြနိုင်သည်ဆိုပါက ပြဿနာမှသည် အခွင့်အရေးဖြစ်သွားကြောင်းနှင့် အခွင့်ကောင်းတစ်ခု ဖြစ်သွားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


READ NEXT
Cancel OK