Top News

လောကနန္ဒာ ဘေးမဲ့တောရှိ ကြယ်လိပ်မတစ်ကောင်အား ကမ္ဘာပေါ်ရှိ ကြယ်လိပ်များထဲတွင် အရွယ်အစား အကြီးဆုံးအဖြစ် မှတ်တမ်းတင်ထား
24htopnews | October 15, 2024 11:12 AM CST

ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်မတစ်ကောင်အား ကမ္ဘာပေါ်ရှိကြယ်လိပ်များထဲတွင် အရွယ်အစား အကြီးမားဆုံးအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရသည်။

လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် မျိုးသုဉ်းလုနီး ရှားပါးကြယ်လိပ်များကို မွေးမြူထားပြီး မွေးမြူထားသည့် ကြယ်လိပ်များထဲတွင် ထိုကြယ်လိပ်မကြီးသည် အရွယ်အစား အကြီးမားဆုံးဖြစ်ပြီး အသက် ၂၀ ခန့်ရှိပြီဖြစ်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်၏ ပြောကြားချက်အရ သိရသည်။

ကမ္ဘာမှာရှိတဲ့ ကြယ်လိပ်တွေကို နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ ကြယ်လိပ်မကြီးက အကောင်အရွယ်အစား အကြီးဆုံး ဖြစ်နေတာပေါ့။ သက်တမ်းကတော့ အတိအကျ မဟုတ်ပေမဲ့ နှစ် ၂၀ လောက်ရှိနေပြီ။ ကြယ်လိပ်တွေရဲ့အသက်ကို ခန့်မှန်းတဲ့အခါ သူတို့ရဲ့ကျောပေါ်မှာ နှစ်စဉ်ပေါ်ထွက်လေ့ရှိတဲ့ လိုင်းတွေကို ရေတွက်ပြီး အနီးစပ်ဆုံး သက်တမ်းအား ခန့်မှန်းကြတာ ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုကနေ ၂၀၀၁ ခုနှစ်မှာ ကြယ်လိပ်အထီး ၄၂ ကောင်၊အမ အကောင် ၄၀ ဖမ်းဆီးရခဲ့ပြီး အဲဒီကြယ်လိပ်တွေကို ကျွန်တော်တို့ကခြံထဲမှာ ပြန်စမွေးတာ။ အခုကြယ် လိပ်မကြီးက အဲဒီထဲက ပါလာတဲ့ အကောင်တစ်ကောင်ပေါ့။ အဲဒီကနေပြီးတော့ ကျွန်တော်တို့ဆီမှာ ၂၀၁၉ ၊  ၁၈ နှစ်ကြာတဲ့အခါ ဒီလိပ်မကြီးက တခြားလိပ်တွေနဲ့မတူပဲ ကြီးထွားလာတာ။ သာမန်ကြယ်လိပ်တွေဆိုရင် စင်တီမီတာ ၃၀ အထိလောက်ပဲ ရှိကြတယ် ဟု ဦးရွှေဌေးအောင်မှ ပြောကြားသည်။

ထိုကြယ်လိပ်မကြီးသည် ကျောခွံအလျား ၄၅ ဒသမ ၅ စင်တီမီတာ၊ ကျောခွံအနံ ၃၂ ဒသမ ၀ စင်တီမီတာ၊ ရင်ခွင်အလျား ၃၉ ဒသမ ၀ စင်တီမီတာ၊ ရင်ခွင်အနံ ၂၅ ဒသမ ၀ စင်တီမီတာ၊အမြင့် ၂၅ ဒသမ ၀ စင်တီမီတာ၊ အလေးချိန် ၁၇ ဒသမ ၄၅ ကီ လိုဂရမ်၊ (၃၈ ဒသမ ၃ ပေါင်) ရှိကြောင်း သိရသည်။

ထိုကြယ်လိပ်မကြီးသည် မျိုးရိုးဗီဇတစ်စုံတစ်ရာ ဖောက်ပြန်မှုကြောင့် ထိုကဲ့သို့ ကြီးထွားနေရခြင်းဖြစ်ပြီး ယခုအချိန်ထိ မျိုးပွားနိုင်ခြင်း မရှိသေးကြောင်း လိပ်မျိုးဆက်ရှင် သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာ၏ ပြောကြားချက်အရ သိရသည်။

အဲဒီကြယ်လိပ်မကြီးက Gene ကြောင့်ဖြစ်တာပေါ့။ သူ့မျိုးရိုးဗီဇထဲမှာ တစ်ခုခု မူမမှန်တာ၊ ပြောင်းလဲတာကြောင့် အဲဒီလောက်အထိ အကောင်ကြီးက အဲဒီလိုအကြီးကြီး ဖြစ်သွားတာပေါ့။ ခြံထဲက ကြယ်လိပ်တွေကအထီးနဲ့အမ နီးစပ်မှုရှိတော့ ငါးနှစ်၊ ခြောက်နှစ်လောက်ဆိုရင် မိတ်လိုက်မျိုးပွားပြီး ဥကြပြီ။ နေရင်းဒေသတွေမှာတော့ ကြယ်လိပ်အထီးနဲ့ အမဟာတွေ့ဆုံဖို့ နည်းနည်းလောက် အလှမ်းဝေးတော့ ၁၀ နှစ်၊ ၁၁ နှစ်လောက်မှ ဥကြတယ်။ အဲဒီကြယ်လိပ်မကြီးကတော့ ခြံထဲမွေးထားတဲ့ အမဖြစ်ပေမယ့် သူနဲ့ရွယ်တူအထီးတွေထက် သူကအကောင်ပိုကြီးနေတော့ မိတ်လိုက်ရာမှာ အခက်အခဲရှိတယ်ထင်တယ်။ အခုချိန်ထိ မျိုးပွားနိုင်မှုမရှိဘူး ဟု ဒေါ်ကလျာက ပြောကြားသည်။

ကြယ်လိပ်သည် ကမ္ဘ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်ခုတည်းတွင်သာရှိသည့် မြန်မာနိုင်ငံ၏ ဒေသရင်းဖွားမျိုးစိတ်ဖြစ်ပြီး အလှမွေးအိမ်မွေးတိရစ္ဆာန်အဖြစ် တရားမဝင်ကုန်သွယ်မှု တင်ပို့ရောင်းချမှုများ လွန်ကဲစွာပြုလုပ်ခဲ့ကြသဖြင့် သဘာဝတောထဲတွင် မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီး ယခုအခါ သစ်တောဦးစီးဌာန၏ ဘေးမဲ့တောများတွင် ကြယ်လိပ်များကို ပြန်လည်မွေးမြူရာ အကောင်ရေတစ်သောင်းကျော်ရှိလာပြီ ဖြစ်သည်။

 


READ NEXT
Cancel OK