Top News

မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်စွန့်ပစ်မှုများပြားလာပြီး ရေသတ္တဝါအများအပြား သေကျေပျက်စီးနေကြောင်း သိရ
24htopnews | October 15, 2024 10:12 PM CST

 မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်စွန့်ပစ်မှုများပြားလာနေပြီး ရေသတ္တဝါအများအပြား သေကျေပျက်စီးမှုဖြစ်လာ နေကြောင်း ပင်လယ်အတွင်းစွန့်ပစ်အမှိုက် များလိုက်လံရှာဖွေ ဆယ်ယူပေးနေသူများကပြောကြားခဲ့သည်။

ပင်လယ်ပြင်အတွင်းသွားလာနေသည့် ငါးဖမ်းလှေကြီး၊ လှေငယ်များမှာ ပိုက်အဟောင်း၊ အစုတ်များကို အလွယ်တကူစွန့်ပစ်နေသလို၊ ခရီးသည်လှေများကလည်း ပလတ်စတစ်အမှိုက်များကို စွန့်ပစ်သည့်အလေ့အထများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်းရှိ သန္တာကျောက်တန်းများ၊ ကျောက်ပုံများတွင် ငါးဖမ်းပိုက်များအလွာလိုက်တွေ့ရှိနေရပြီး တချို့နေရာတွင် အခြေအနေဆိုးရွားသည့် အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က Survey လုပ်တယ်။ စွန့်ပစ်အမှိုက်တွေ ဘယ်လောက်ရှိတယ်ဆိုပြီး လေ့လာတယ်။ ပြီးရင်ကောက်တယ်။ ပထမ ရွာအနီးမှာတွေ့တယ်။ နောက်ပိုင်းမှာ ပင်လယ်ထဲမှာ တွေ့တယ်။ မတော်တဆအမှိုက်တွေက ပိုများနေတယ်။ ကျောက်ပုံတွေမှာ ပိုက်အဟောင်းတွေက လေးလွာလောက်အထိရှိနေတယ်။ ငါးလိပ်ကျောက်တွေ ပိုက်ထဲ မှာညှိပြီး သေနေတာတွေ့ရတယ်။ လိပ်တွေ ကိုတော့ ကယ်တင်လိုက်နိုင်တယ်။ အစ်မတို့ ဒီပရော့ဂျက်က တစ်နှစ်မပြည့်သေးဘူး။ ဒါပေမဲ့ အစ်မအနေနဲ့မြန်မာပြည်မှာ ရေစငုပ် တာ ၂၀၁၃ ခုနှစ်ကတည်းကပါ။ အဲဒါနှင့် ယှဉ်ကြည့်ရင်ကျောက်ပုံတွေမှာ ပိုက်တစ်လွှာ လောက်အုပ်နေရာကနေ အခုဆိုရင် ငါးလွှာ လောက်အထိ အုပ်နေတာတွေ့ရတယ်။ တချို့နေရာတွေဆိုရင် အရမ်းကိုဆိုးရွားနေပြီ တချို့နေရာတွေဆိုရင် ပိုက်တွေဖုံးနေလို့ သဲပြင်တောင်မမြင်ရတော့ဘူး။ အနီးအနားမှာ ရှိတဲ့ Coral တွေကအကုန်ပျက်စီးနေပြီ  အဲဒါမျိုးက Tourism အတွက်သာမက ဒေသခံ တွေအတွက်ပါ ငါးမျိုးပြုန်းတီးသွားလိမ့်မယ်။ ပထမတော့ ဒေသခံတွေကို ပညာပေးလုပ်တယ်။ အခုက ဒီလိုမဟုတ်ဘူး။ ရာသီဥတုကြောင့်လား။ တမင်တကာလုပ်တာလား။ အရင်ပစ်ထားတဲ့နေရာတွေမှာ ပြန်ညှိပြီးကျန်ခဲ့တာတွေလား။ အဲဒါတွေကို ငါးလုပ်ငန်းဦးစီး ဌာနလှေပိုင်ရှင်တွေက ဦးစီးပြီးပါဝင်သင့်တယ်။ လူတိုင်းက တာဝန်ယူရမှာပေါ့။ အမှိုက်လည်းပစ်၊ ပိုက်လည်း စွန့်ပစ်ရှိသမျှအကုန်ပစ်ချထားပြီး ပြန်ဝင်လာရင်ပင်လယ်ကြီး က ပျက်စီးသွားမှာပဲ”လို့ မြိတ်ကျွန်းစု ပင်လယ် ပြင်အတွင်း စွန့်ပစ်အမှိုက်များ၊ ငါးဖမ်းပိုက်အဟောင်းများကို ရေငုပ်ရှာဖွေဆယ်ယူပေးနေသည့် မြန်မာ့ပင်လယ်ထိန်းသိမ်းရေးအသင်း  (Myanmar Ocean) မှ ပရော့ဂျက်ဒါရိုက်တာဒေါ်သန္တာကိုကိုကြီးက ပြောကြားသည်။

ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးနေသည့် ကမ်းဝေးလှေကြီးများမှာ ကမ်းနီးသို့ တရားမဝင် ငါးခိုးဖမ်းနေစဉ်ရေတပ်နှင့်ဒေသခံများကိုတွေ့ပါက ငါးဖမ်းပိုက်များကို ခုတ်ဖြတ်ကာ ပင်လယ်ပြင်အတွင်း ပစ်ချပြီးမောင်း နှင်ထွက်ပြေးလေ့ရှိကြောင်း ဒေသခံများက ပြောကြားသည်။ “ငါးလုပ်ငန်းဦးစီးနဲ့တွဲလုပ် နေတာပဲသူတို့က အများအားဖြင့်အပေါ်ကနေလုပ်ဆောင်နေပေမယ့်တစ်ကယ်အခြေအနေမှာ မမြင်တွေ့နိုင်ဘူး။ ဘယ်လိုအခြေ အနေရှိတယ်။ ဘယ်လိုသတ္တဝါတွေက သေကြေပျက်စီးနေတယ်ဆိုတာရှင်းပြနေရတယ် ပညာပေးတစ်ခုတည်းနဲ့မပြီးဘူး။ တာဝန်ရှိသူ တွေပါလုပ်ဆောင်ရမယ်။ နောက်ပိုင်းမှာ စွန့်ပစ်အမှိုက်တွေ ပိုများလာတယ်။ ကြာလာရင် ပင်လယ်ကြီးက ဘာမှမကျန်တော့ဘူး။ နိုင်ငံခြားသားတွေက ကူညီပေးတယ်။ မြန်မာပြည် က လူတွေကို ပြောပြတယ်။ ပြောပြတာကို မကြိုက်ဘူးဆိုရင် နောက်တစ်ခေါက်ပြန်မလာတော့ဘူး။ ဒေသခံတွေထဲက ထိန်းသိမ်း ချင်တဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေဆီက နေ ကျွန်မတို့စပြီး လုပ်ပေးတယ်။ သရော့သ ဟန်းမှာ လုပ်ပြီးပြီ။ လငန်းမှာလုပ်နေဆဲဖြစ်တယ်။ လန်ပိကျွန်းကို ဆက်လုပ်ပေးသွားမယ် အရင်က သဲထဲမှာနေတဲ့ငါးမန်းအမျိုးအစား  Bamboo Shark ဆိုတာရှိတယ်။ ငါးကောင် လောက်တွေ့တယ်။ နောက်တစ်ခေါက်သွားတော့မရှိတော့ဘူး။ မျိုးသုဉ်းသွားပြီ။ အဲဒီနေရာရဲ့ ကြမ်းခင်းမှာပိုက်တွေချည်းပဲ။ ကျွန်မတို့ တစ်ခါသွားပြီး လုပ်ဆောင်ပေးတယ်။ နောက် တစ်ခါလာစစ်ရင် ဒီထက်ပိုများနေတယ်။ ပလတ်စတစ်အမှိုက်တွေကို သထိတားပါ။ စက္ကူအမှိုက်တွေကို ပစ်သလိုမပစ်ပါနဲ့။ ကြာ လာရင် ကမ္ဘာကြီးမှာ ပလတ်စတစ် အမှိုက်ပဲ ကျန်ပါတော့မယ်”ဟု ဒေါ်သန္တာကိုကိုကြီးမှ ဆက်လက်ပြောကြားသည်။ မြိတ်ကျွန်းစုတွင်း စွန့်ပစ်အမှိုက်များ၊ ပိုက်အစုတ်အဟောင်းများ ကို ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်နှင့် ထိုင်းနိုင် ငံက ရေငုပ်ကျွမ်းကျင်သူများကမြန်မာနိုင်ငံ မှ ပင်လယ်ပြင်ထိန်းသိမ်းရေး လုပ်ဆောင်သူများနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းတာဝန်ရှိသူများနှင့်လှေပိုင်ရှင်များကလည်း ကူညီပေးရန် လိုအပ်နေကြောင်း သိရသည်။


READ NEXT
Cancel OK