Top News

သာဓုကန်စက်မှုဇုန် (၂) ရှိ World Jin အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော် ဆန္ဒထုတ်ဖော်တောင်းဆိုနေသည်မှာ ရက် ၂၀ နီးပါး ကြာပြီဖြစ်သော်လည်း ပြေလည်မှုမရရှိသေးသောကြောင့် သပိတ်စခန်းဖွင့် တောင်းဆို
24htopnews | October 15, 2024 10:12 PM CST

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှု ဇုန် (၂) ရှိ World Jin အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော် ဆန္ဒထုတ်ဖော် တောင်းဆိုသည်မှာ ရက် ၂၀ နီးပါးကြာပြီဖြစ် သော်လည်း ပြေလည်မှု မရရှိသောကြောင့် နိုဝင်ဘာ ၂၆ ရက် ညနေမှစ၍ သပိတ် စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်တောင်းဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

လူမှုဖူလုံရေးကြေးကို အလုပ်ရှင်ဘက် က ရှစ်လစာမပေးသွင်းမှုကြောင့် အလုပ်သမားများအနေဖြင့် မီးဖွားခွင့်၊ ဆေးကုခွင့်များ ဆုံးရှုံးနေမှုမှ အစပြုကာ ဆန္ဒထုတ်ဖော်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ စက်ရုံရှိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုကျော်လင်းဦးက ပြောကြားသည်။ အဆိုပါ အထည်ချုပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နိုဝင်ဘာ ၇ ရက်မှစ၍ စက်ရုံပြင်ပ၌ အလုပ်ဖွင့်ရက်များတွင် ပုံမှန် အလုပ်ချိန်အတိုင်း ဆန္ဒထုတ်ဖော်တောင်းဆိုနေခြင်းဖြစ်သည်။

လူမှုဖူလုံရေး ထည့်ဝင်ကြေးငွေများ ပေးသွင်းထားပြီး ဖူလုံရေးကတ်များ၊ ဆေးကုသခံယူခွင့်နှင့် အကျိုးခံစားခွင့်များ မရရှိသည်ကို သက်ဆိုင်ရာ ဦးစီးဌာနများနှင့် လုပ်ငန်းပိုင်ရှင်က အလုပ်သမားများကို ခံစားခွင့်ရရှိအောင် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်၊ တစ်နှစ်ပြည့်ပြီးသည့် စက်ရုံရှိ အလုပ်သမား အားလုံး လုပ်သက်ခွင့်များရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန်၊ ရှောင်တခင်ခွင့်ကို အလုပ်သမားတိုင်း ခံစားရရှိနိုင်ရန် စီစဉ်ဆောင် ရွက်ပေးရန်၊ စက်ရုံရှိ အလုပ်သမားများအား ယခင်က သနပ်ခါးလိမ်းခွင့်ပေးထားသည် ကို ပြန်လည်လိမ်းခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန်၊ လစာထုတ်ရက်တွင် ပုံမှန်အလုပ် ချိန်အတွင်း အပြီးသတ်ပေးချေရန်၊ အလုပ်သမားများ၏ အရေးပေါ်ကိစ္စရပ်များရှိပါက အလွယ်တကူ Gate Pass ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရန်နှင့် အလုပ်ရုံနှင့် အလုပ် သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနက၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နေ့စွဲပါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသည့် အလုပ်ရှင်အား သက်ဆိုင်ရာ ဦးစီးဌာနက အလုပ်ရှင်လိုက် နာအောင် စည်းကြပ်ပေးရန်တို့ကို တောင်းဆိုထားသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် က  မြို့နယ်သက်ဆိုင်ရာ ဦးစီးများနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင် အလုပ်ရှင်ကိုယ်တိုင်  လက်မှတ်ရေးထိုးသည့် ကတိဝန်ခံချက်တွင် ပါရှိသော အချက်များကို အလုပ်ရှင်ကိုယ်တိုင် ချိုးဖောက်နေခြင်းအပေါ် သက်ဆိုင်ရာဦးစီးများက စည်းကြပ်ပေးရန်၊ အလုပ်ရှင် အလုပ်သမား သဘောတူညီ ချက်စာချုပ်ကို အမြန်ဆုံးချုပ်ဆိုနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးရန်၊ လစဉ်တိုင်း အလုပ်သမားများ၏ လုပ်ခလစာများနှင့် အချိန်ပိုကြေးများကို မှန်ကန်စွာ တွက်ချက်ပေးရန်၊ စက်ရုံရှိ လုပ်သက်တစ်နှစ်ပြည့်ပြီးသည့် အလုပ်သမားတိုင်းကို တစ်ရက်လုပ်အားခ ကျပ် ၅၀၀ နှုန်းတိုးပေးရန်၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလုပ်သမားများ လွယ်လင့်တကူထွက်ခွာနိုင်ရန် စက်ရုံရှိ ထွက်ပေါက်များကို အလုပ်ချိန် အတွင်း ဖွင့်ထားပေးရန်၊ အလုပ်ပိတ်ရက် များတွင် အလုပ်ဆင်းရပါက ၎င်းရက်တွင် ရရှိသည့် ငွေကြေးကို လက်ငင်းတွက်ချက်ပေးရန်၊ သန့်ရှင်းရေး အလုပ်သမားများကို ဥပဒေပါ သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်ပြီး အချိန်ပိုခိုင်းစေပါက ဥပဒေပါအတိုင်း အချိန်ပို လုပ်အားခ ခံစားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန်၊ လိုအပ်သော သန့်ရှင်း ရေးသုံးပစ္စည်းများ လုံလောက်စွာ ထားရှိပေး ရန်၊ ကတိဝန်ခံချက် (စ) တွင် ပါရှိသည့် အလုပ်ချိန်တိုင်း လုပ်ကိုင်ခွင့်ရှိအောင် စီစဉ်ဆောင်ရွက်ပေးရန်၊ အလုပ်သမားများ ထမင်း စားသည့်နေရာကို သန့်ရှင်းသပ်ရပ်မှုရှိရန်နှင့် လုံလောက်မှုရှိအောင် ဆောင်ရွက်ပေးရန်၊ အလုပ်သမားများ အသုံးပြုသော ယောကျ်ား လေးသုံး အိမ်သာနှင့် အမျိုးသမီးသုံး အိမ် သာများကို သီးခြားစီခွဲခြားထားပေးရန်၊ စက်ရုံရှိ အလုပ်သမားများအားလုံး ကြိုပို့ ယာဉ်တန်းတူရရှိစေရန်နှင့် ကြိုပို့ယာဉ်တန်း တူမစီစဉ်ပေးနိုင်သော အလုပ်သမားများအား သွားလာစရိတ်ရရှိအောင် ဆောင်ရွက်ပေး ရန်နှင့် စက်ရုံရှိ ဆေးခန်းတွင် ဥပဒေနှင့်အညီ ဆေးနှင့် ဆက်စပ်ပစ္စည်းများ ထားရှိပေးရန် စသည့် တောင်းဆိုချက် ၁၉ ချက်ကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားများ ဆန္ဒထုတ်ဖော်တောင်း ဆိုနေခြင်းနှင့် ပတ်သက်၍ Eleven Media Group က စက်ရုံသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် တောင်းခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ဘဲ မန်နေဂျာဆိုသူအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လတ်တလော တွင် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းနှင့် ပြောနိုင်ချိန်တွင် ပြန်လည် ဆက်သွယ်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။


READ NEXT
Cancel OK