Top News

သရက်မြို့ အနောက်တောင်ဘက်ကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅ ဒသမ ၇ နှင့် ၄ ဒသမ ၈ အဆင့်ရှိ ငလျင်နှစ်ကြိမ်၊ တမူးမြို့အနီးကို ဗဟိုပြုပြီး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်အပါအဝင် တစ်နေ့တည်း သုံးကြိမ်လှုပ်ခတ်ခဲ့
24htopnews | October 15, 2024 10:12 PM CST

သရက်မြို့ အနောက်တောင်ဘက်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၅ ဒသမ ၇ နှင့် ၄ ဒသမ ၈ အဆင့်ရှိ ငလျင်နှစ်ကြိမ်၊ တမူးမြို့ အနီးကို ဗဟိုပြုပြီး ၄ ဒသမ ၆ အဆင့်ရှိ ငလျင် အပါအဝင် တစ်နေ့တည်း သုံးကြိမ်လှုပ်ခတ်ခဲ့ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ပြီး သရက်မြို့အနီး တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် သရက်၊ မကွေး၊ ပြည်မြို့တို့တွင် ငလျင်ဒဏ်ကို သိသာစွာခံစားခဲ့ရကြောင်း သိရသည်။

“ခုဟာကတော့ပိုပြင်းတယ်။ ၅ ဒသမ ၇ အဆင့်ရှိသွားပြီ။ ပထမအကြိမ်ဗဟိုပြုထားတဲ့နေရာနဲ့ တစ်မိုင်ပဲကွာတယ်။ အင်အားကကျတော့ အနည်းငယ်ပြင်းတာ မဟုတ်တော့ဘူး။ အသင့်အတင့်ပြင်း ဖြစ်သွားတာပေါ့။ အနက် က ၄၂ ကီလိုမီတာ။ ပထမလှုပ်တာက ၂၂ ကီလိုမီတာဆိုတော့ သက်သာသွားတာ။ ၂၂ ကီလိုမီတာသာဆို အပျက်အစီးဖြစ်လာနိုင်တာပေါ့။ ဒီအကြိမ်ကတော့ အားလုံးက သိသိသာသာ ခံစားလိုက်ရတာ။ သူ့သဘောက ပထမအကြိမ် မြေအောက်ကျောက်လွှာ ကြောပြတ်ပြီး မေးတင်နေတာဖြစ်နိုင်တယ်။ နောက်တစ်ကြိမ် ထပ်ပြုတ်ကျတာမှာ ပိုပြင်းလာတာမျိုးပေါ့။ ဒါမျိုးက အရင်ကလည်း ဖြစ်ဖူးပါတယ်။ ငလျင်ကြီးကြီးမလာခင်မှာ အကြိုအသေးလေးတွေ လှုပ်တာပေါ့။ လာလည်း လာနိုင်တယ်။ မလာချင်ရင်လည်းမလာနိုင်ဘူး။ ကြိုပြောလို့တော့မရဘူး” ဟု မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနပြည်ဦးစီးမှူး ဦးအောင်မြင့်ကြည်က ပြောကြားသည်။

သရက်မြို့အနီး ဒုတိယအကြိမ် လှုပ်ခတ်မှုတွင် သရက်၊ မကွေး၊ ပြည်မြို့များအပြင် အခြား ပေါင်းတည်မြို့နှင့်အခြားမြို့တို့တွင်လည်း သိသိသာသာခံစားရပြီး လှုပ်ခတ်ချိန်ကြာမြင့်ကာ နေအိမ်နှင့် စျေးဆိုင်များပါ ယိမ်းခါသွားကြောင်း ပြည်မြို့နှင့် ပေါင်းတည်ဒေသခံများက ပြောကြားသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၂၃ မိနစ် ၄၇ စက္ကန့်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် ရှစ်မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တမူးမြို့၏ တောင်ဘက် ကိုးမိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၄ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၂၉ ဒီဂရီ၊ အနက် ၅၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်သွားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၂၆ရက် မြန်မာစံတော်ချိန် ၁၆ နာရီ၊ ၀၆ မိနစ်၊ ၁၁ စက္ကန့်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက် တောင်ဘက် ၈၆ မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (သရက်မြို့၏ အနောက် တောင်ဘက် ၁၆ မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် ၁၉ ဒသမ ၁၈ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒသမ ၉၈ ဒီဂရီ၊ အနက် ၂၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ် တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် နိုဝင်ဘာ ၂၄ ရက်ကလည်း ကချင်ပြည်နယ် ဟိုပင်မြို့အနီးကို ဗဟိုပြုပြီး တစ်ရက်အတွင်း ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ ကြောင်းလည်း မိုးလေ ဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြေငလျင်လှုပ်ခတ်မှုသည် ကျောက် သားထုချပ်နှစ်ခုတစ်ခုနှင့် တစ်ခုတွန်းတိုက်မိ ရာမှ တစ်ခုမှအခြားတစ်ခုအောက်သို့ ငုပ်လျှိုး ဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက် ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါ တွန်းတိုက်သည့်နေရာတွင် အားများတဖြည်း ဖြည်းစုစည်းလာပြီး စုစည်းမိသော အားများ ရုတ်တရက်ရုန်းကန်ကာပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှ တောင်အထိရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင် ကြောကြီးတစ်ခုဖြစ်ပေသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး ဝအနီး တောင်-တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင် အနီးမှစတင်ပြီး တောင်ကြီးမြို့အနီး တောင် မြောက်တန်းလျက်တည်ရှိသည့် ကျောက် ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက် တန်းလျက်တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီး များဖြစ်ပေသည်။ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မ ရွေးခံစားနိုင်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်းရှိနေကြောင်း သိရသည်။

 

 


READ NEXT
Cancel OK