Top News

■ တွမ်လော့ခ်ယာ နှလုံးရပ်ပြီး ကွင်းအတွင်းလဲကျသွားသဖြင့်ရွှေ့ဆိုင်းခဲ့ရသည့် ဘုန်းမောက်-လူတန်ပွဲကို ပွဲချိန်ပြည့်ပြန်လည်ကစားမည်ဟု အတည်ပြုထုတ်ပြန်     
24htopnews | October 16, 2024 2:12 AM CST

ဒီဇင်ဘာ(၁၆) ရက်က လူတန်အသင်းခေါင်းဆောင် နောက်ခံလူ တွမ်လော့ခ်ယာ နှလုံးရပ်ပြီး ကွင်းအတွင်း လဲကျသွားသဖြင့်ရွှေ့ဆိုင်းခဲ့ရသည့် ဘုန်းမောက်-လူတန် ပွဲစဉ်ကို ပွဲချိန်ပြည့် ပြန်လည်ကစားမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ခဲ့သည်။

    

ပရီးမီးယားလိဂ် ပွဲစဉ် (၁၇)အဖြစ် ယှဉ်ပြိုင်ကစားသည့် ဘုန်းမောက်-လူတန်ပွဲတွင် လူတန်အသင်းနောက်ခံလူ လော့ခ်ယာမှာ မည်သူနှင့်မျှ ထိခိုက်မှုမရှိဘဲ မြက်ခင်းပေါ်သို့ လဲကျသွားခြင်းဖြစ်သည်။ 

ထို့ကြောင့် ကစားသမားများနှင့် လူတန်အသင်းနည်းပြ ရော့ဘ်အက်ဒဝပ်က ဆေးအကူအညီချက်ချင်းရရှိရန် တောင်းဆိုခဲ့ကြသည်။ 

ဆေးဝန်ထမ်းများ ရောက်ရှိလာပြီးနောက် လော့ခ်ယာကို ထမ်းစင်ဖြင့် သယ်ထုတ်သွားပြီး နှစ်ဖက်ကစားသမားများမှာလည်း (၆)မိနစ်ခန့်အကြာတွင် ကွင်းအတွင်းမှထွက်ခွာ၍ အဝတ်လဲခန်းသို့ ခေတ္တဝင်ရောက်သွားခဲ့သည်။ 

ထို့နောက် လော့ခ်ယာကို ကွင်းအတွင်း၌ ကုသမှုပြုလုပ်ပေးပြီး ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ လော့ခ် ယာကို ခေါ်ဆောင်သွားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ပွဲရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ဒုတိယပိုင်း (၅၉)မိနစ်တွင် ရပ်နားခြင်းဖြစ်ကာ (၁-၁) ဂိုး ဖြင့် သရေကျနေသည်။

    

ယင်းပွဲစဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ (၂၀)ရက်တွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ပွဲချိန်ပြည့် ပြန်လည်ကစားစေရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ 

အဆိုပါပွဲစဉ်ကို ရာသီနှောင်းပိုင်းကာလတွင် ပြန်လည်ကစားစေမည်ဖြစ်ပြီး ပွဲကစားမည့်ရက်ကို သက်ဆိုင်ရာအသင်းများနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် အတည်ပြုကြေညာမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ပရီးမီးယားလိဂ်၏ထုတ်ပြန်မှုတွင် အဆိုပါဖြစ်စဉ်တွင် ပါဝင်ကူညီခဲ့ကြသည့် ဆေးဝန်ထမ်းများအပါအဝင် တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိကြောင်း၊ တွမ်အနေဖြင့် အမြန်ဆုံး ပြန်လည်သက်သာလာစေရန် မိသားစုဝင်များနှင့်အတူ ဆန္ဒပြုကြောင်း ဖော်ပြထားသည်။

    

အသက် (၂၉) နှစ်ရှိပြီဖြစ်သည့် ဝေးလ်စ်လက်ရွေးစင်ကစားသမား လော့ခ်ယာသည် ပြီးခဲ့သည့်မေ (၂၇) ရက်ကလည်း ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-off ဗိုလ်လုပွဲကစားနေစဉ် ပထမပိုင်း (၁၁) မိနစ်မှာပင် ယင်းကဲ့သို့ လဲကျဖူးပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ 

ထိုစဉ်က (၅)ရက်ကြာ ဆေးရုံတက်ခဲ့ရပြီး နှလုံးခွဲစိတ်မှုပြုလုပ်ပြီး နောက် ဇွန်လအတွင်း ဘောလုံးကစားခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ လော့ခ်ယာအနေဖြင့် ယခုထပ်မံဖြစ်ပွားမှုကြောင့် ဆေးရုံ၌ အရေးပေါ်ကုသမှုခံယူခဲ့ရသော်လည်း အခြေအနေတည်ငြိမ်နေပြီဖြစ်ကြောင်း လူတန်အသင်းက ဒီဇင်ဘာ (၁၇) ရက်တွင် ကြေညာခဲ့သည်။ 


READ NEXT
Cancel OK